Showing posts with labelု(KSOENGY) BEE POEM. Show all posts
Showing posts with labelု(KSOENGY) BEE POEM. Show all posts

Tuesday, 2 June 2009

ပျားအုံခံစားမှု..



ဟေ့ကောင်
သွေးကြောင်နေတဲ့ ကောင်
ဘေးရှောင်။

အခုအချိန်
လူတိုင်းအင်းစိန်ထောင်ရှေ့ ရောက်နေတာ
ထမင်းမြိန်အောင်လို့ မဟုတ်ဘူး။

လူတိုင်းအင်းစိန်ထောင်ရှေ့ 
သွားဆုံစုရုံးနေတာ
ပျားအုံတစ်ခုထုံး နှလုံးမူလို့ ပါ။

ပျားဆိုတာ
အုံရမယ်
မအုံရင် ပျားမဟုတ်ဘူး။

ပျားဆိုတာ
စုရမယ်
မစုရင် ပျားမဟုတ်ဘူး။

ခုချိန်ဟာ
လူထု ၀တ်ရည်စုချိန်။

ခုချိန်ဟာ
လူထု ပျားအုံဖွဲ့ ချိန်။

ဒီအချိန်မှာ
အင်းစိန်ထောင်ဟာ ငါတို့ အိမ်။

အင်းစိန်ထောင်ထဲမှာ
ငါတို့ အသည်းနှလုံး ပိတ်လှောင်ခံနေရတယ်။

အင်းစိန်ထောင်ထဲမှာ
ငါတို့ အလင်းရောင် ချုပ်နှောင်ခံနေရတယ်။

အင်းစိန်ထောင်ထဲမှာ
ငါတို့ အနာဂတ် မြေမြှုပ်ခံရတော့မယ်။

သေရေး ရှင်ရေး
အရေးကြီးနေတဲ့ အချိန်

ဘတ်စတီးအကျဉ်းထောင်ကို
ပြင်သစ်ပြည်သူတွေဝိုင်းတော့ 
ဒါ ကြီးကျယ်တဲ့ သမိုင်းလို့ ပြောတဲ့
မင်းရို့ ပညာတတ်တွေ

အခု
ငါတို့ မြန်မာပြည်သူတွေ
အင်းစိန်ထောင်ရှေ့ ချီတက်တာကို
ဘာကြောင့် သဘောမတူရဲတာလဲ။

ငါတို့ ဟာ
စိတ်ထဲကသေနတ်တွေနဲ့ 
ရန်သူကို ဆက်ပစ်နေရမယ်။

ငါတို့ အပစ်ရပ်လိုက်ရင်
ရန်သူရဲ့ 
အပြတ်ရစ်ခြင်းကို ခံရမယ်။

ဟေ့ကောင်
သွေးကြောင်နေတဲ့ ကောင်

ဘေးရှောင်
ဟိုမှာ စစ်ခွေးကောင်တွေ ဟောင်နေပြီ။ ။

(အောင်ဝေး - မေ ၂၅ ၊ ၂၀၀၉)