Monday 31 October 2011

...ဒေါ်အောင်ဆန်းစုကြည်နှင့် ဦးအောင်ကြည် ထပ်မံ တွေ့ဆုံ...

မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် ဟာမြန်မာအစိုးရ၀န်ကြီး ဦးအောင်ကြည်နဲ့ 

ဒီကနေ့ နေ့လည်ပိုင်းက ရန်ကုန်မြို့၊ စိမ်းလဲ့ကန်သာဧည့်ဂေဟာမှာ တစ်နာရီ နီးပါးကြာ တွေ့ဆုံ ဆွေးနွေးခဲ့ပါတယ်။

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ကို နိုင်ငံရေးပါတီအဖြစ် တရားဝင် မှတ်ပုံပြန်တင်ရေးကိစ္စကို နိုင်ငံရေး ပါတီများ မှတ်ပုံတင်ခြင်းဥပဒေ ပြန်ထွက်လာပြီးမှပဲ NLD အနေနဲ့ ဆုံးဖြတ်မယ်လို့ ဆွေးနွေးပွဲအပြီးမှာ သတင်းထောက်တွေကို ဒေါ်အောင်ဆန်းစုကြည်က ပြောခဲ့ပါတယ်။


၂၀၁၀ ပြည့်နှစ်၊ ရွေးကောက်ပွဲမတိုင်ခင်က ပြဌာန်းခဲ့တဲ့ နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်းဥပဒေကို အခု ပြန်ကျင်းပနေတဲ့ လွှတ်တော်အစည်းအဝေးတွေမှာ ပြန်ပြင်ဆင်ပြီးတော့ ဥပဒေကြမ်းအဖြစ် အတည်ပြုထား ပြီးပါပြီ။ သမ္မတ ဦးသိန်းစိန်က လက်မှတ်ထိုးပြီးတဲ့အခါမှာတော့ ဥပဒေဖြစ်လာမှာပါ။

တွေ့ဆုံပွဲပြီးတဲ့နောက် ပူးတွဲထုတ်ပြန်ချက်ထဲမှာတော့ အရင်က ဆွေးနွေးခဲ့မှုတွေအပေါ် အစိုးရဘက်က ကူညီ ဆောင်ရွက်နေတဲ့ အခြေအနေ၊ နိုင်ငံရဲ့ စီးပွားရေးဖွံ့ဖြိုးတိုးတက်စေဖို့ လွတ်လပ်စွာ ကုန်သွယ်ခွင့်၊ ကူးသန်းရောင်းဝယ် ခွင့် ရရှိရေးနဲ့ ငွေကြေးလည်ပတ်သုံးစွဲခွင့်ရရှိရေး စတာတွေရဲ့ အရေးကြီးမှုအပေါ် အမြင်ခြင်းဖလှယ်ခဲ့ကြတယ်လို့ ဒီသတင်းထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

ဒါ့အပြင် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းတွေနဲ့ ထာဝရငြိမ်းချမ်းရေးရရှိဖို့ အစိုးရရဲ့ ဆောင်ရွက်ချက်တွေနဲ့ တိုးတက်ဖြစ်ထွန်းမှု အခြေအနေတွေ၊ လွတ်ငြိမ်းချမ်းသာခွင့် ပေးသင့်သူတွေရဲ့ ကိစ္စတွေကိုလည်း ဆွေးနွေးခဲ့ကြတယ် လို့ ဒီသတင်း ထုတ်ပြန်ချက်မှာ ပါရှိပါတယ်။

နောက်ထပ်လည်း တွေ့ဆုံဆွေးနွေးမှုတွေကို ဆက်ပြီးပြုလုပ်သွားကြဖို့ သဘောတူခဲ့ကြောင်းလည်း မြန်မာ့ ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နဲ့ ၀န်ကြီး ဦးအောင်ကြည်တို့ရဲ့ ပူးတွဲသတင်းထုတ်ပြန်ချက်မှာ ရေးသားထားပါတယ်။ အရင် စစ်အစိုးရအချိန်အခါ၊ ဦးအောင်ကြည် ဆက်ဆံရေးဝန်ကြီး တာဝန်ယူချိန်က စပြီး ဒေါ်အောင်ဆန်းစုကြည်နဲ့ ဦးအောင်ကြည်တို့ ယခုအကြိမ်နဲ့ဆိုရင် ၁၃ ကြိမ် တွေ့ဆုံခဲ့ကြတာ ဖြစ်ပြီးတော့ အခု အစိုးရသစ်လက်ထက်မှာ လေးကြိမ်မြောက် တွေ့ဆုံဆွေးနွေးကြတာ ဖြစ်ပါတယ်။
 ( VOA NEWS )

No comments:

Post a Comment