Saturday 19 November 2011

...၀န်ကြီးကလင်တန် မြန်မာပြည်သွားမည်...

နိုင်ငံခြားရေးဝန်ကြီး ဟီလာရီကလင်တန်ကို မြန်မာပြည်စေလွှတ်မည့်အကြောင်း အမေရိကန်သမ္မတ အိုဘားမား ကြေညာနေစဉ်။ (နိုဝင်ဘာလ ၁၈၊ ၂၀၁၁)
အင်ဒိုနီးရှားနိုင်ငံ ဘာလီကျွန်းက အရှေ့အာရှထိပ်သီးညီလာခံကို တက်ရောက်နေတဲ့ အမေရိကန်သမ္မတ ဘရက် အိုဘားမား(Barack Obama) က ရှေ့လ ဒီဇင်ဘာလမှာ နိုင်ငံခြားရေးဝန်ကြီး ဟီလာရီ ကလင်တန် (Hilary Clinton) ကို မြန်မာနိုင်ငံကို စေလွှတ်မယ်လို့ ဒီကနေ့ ကြေညာလိုက်ပါတယ်။
အခုအချိန်ထိ စစ်ဘက်က ကြီးစိုးထားတဲ့ မြန်မာအစိုးရဆီကနေ တိုးတက်မှုတွေ မှိန်ပျပျ မြင်တွေ့လာရတာကို တုံ့ပြန်တဲ့အနေနဲ့ အခုလို ၀န်ကြီး ကလင်တန်ကို စေလွှတ်တာလို့ သမ္မတအိုဘားမားက ပြောပါတယ်။


မြန်မာသမ္မတဦးသိန်းစိန်နဲ့ ပြည်ထောင်စုလွှတ်တော်တို့ဟာ ပြုပြင်ပြောင်းလဲရေးကို ရှေ့ရှုတဲ့ခြေလှမ်းတွေကို လှမ်းခဲ့ပြီးတော့ မြန်မာအစိုးရနဲ့ မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နဲ့ တွေ့ဆုံဆွေးနွေးမှု စတင်ခဲ့သလို တချို့သော နိုင်ငံရေးအကျဉ်းသားတွေကို လွှတ်ပေးတာတွေ သတင်းမီဒီယာတွေအပေါ် တင်းကျပ်ထားတာကို လျှော့ပေးတာတွေနဲ့ မြန်မာ့နိုင်ငံရေးဝန်းကျင်ကို ဖွင့်ပေးနိုင်တဲ့ ဥပဒေတွေကို ပြဌာန်းပေးတာတွေ ရှိခဲ့တယ်လို့ သမ္မတအိုဘားမားက ပြောပါတယ်။

ဒါ့အပြင် မြန်မာနိုင်ငံမှာ နိုင်ငံရေးစနစ်ကို ပိတ်ဆို့ထားဆဲဖြစ်နေတာ တိုင်းရင်းသား လူနည်းစုတွေအပေါ် ပြုမူဆောင်ရွက်နေတာ နိုင်ငံရေးအကျဉ်းသားတွေကို မလွှတ်သေးဘဲထားတာနဲ့ မြောက်ကိုးရီးယားနဲ့ ဆက်ဆံနေတာတွေအတွက် မိမိ တို့ကတော့ စိုးရိမ်ပူပန်နေဆဲ ဖြစ်တယ်လို့ သမ္မတအိုဘားမားက မြန်မာအစိုးရကို အထူးပြု ပြောကြားလိုက်ပါတယ်။

ဒါပေမဲ့လည်း မြန်မာနိုင်ငံမှာ တိုးတက်ဖြစ်ထွန်းမှုတွေ ဖြစ်ရေးအတွက် သမိုင်းက ပေးအပ်လာတဲ့ အခွင့်ကောင်းတရပ်ကို အမေရိကန်ပြည်ထောင်စုက ထိန်းသိမ်းထား လိုပြီးတော့ မြန်မာအစိုးရဟာ ဒီမိုကရေစီရေး ပြုပြင်မှုလမ်းကြောင်းကို ဆက်ပြီး လျှောက်လှမ်းနေသရွေ့ အမေရိကန်ပြည်ထောင်စုနဲ့ ဆက်ဆံရေးအသစ်တရပ်ကို ပုံဖော်နိုင်လိမ့်မယ်ဆိုတာကို ရှင်းရှင်းလင်းလင်း အသိပေးလိုတယ်လို့ သမ္မတအိုဘားမားက ပြောကြားသွားခဲ့ပါတယ်။

သူ့အနေနဲ့ ပထမဆုံးအကြိမ် ဒေါ်အောင်ဆန်းစုကြည်နဲ့ အစောပိုင်းက ဖုန်းဆက်စကားပြောတဲ့အခါမှာ မြန်မာနိုင်ငံမှာ ပြုပြင်ပြောင်းလဲရေးလုပ်ငန်းစဉ်တွေ ရှေ့ဆက်နိုင်စေဖို့ အမေရိကန်ပြည်ထောင်စုရဲ့ မြန်မာအစိုးရနဲ့ ထိတွေ့ဆက်ဆံမှုကို ဒေါ်အောင်ဆန်းစုကြည်က ထောက်ခံကြောင်းလည်း သမ္မတအိုဘားမားက ပြောကြားခဲ့ပါတယ်။

မြန်မာနိုင်ငံမှာ နိုင်ငံရေးပြုပြင်ပြောင်းလဲမှု၊ လူ့အခွင့်အရေးအခြေအနေနဲ့ အမျိုးသားပြန်လည်ရင်ကြားစေ့ရေး စတာတွေ တိုးတက်မှုဖြစ်ပေါ်ရရှိရေးအတွက် အမေရိကန်ပြည်ထောင်စုက ကူညီပံ့ပိုးနိုင်ရေး အချက်အလက်တွေကို နိုင်ငံခြားရေးဝန်ကြီး ကလင်တန်က မြန်မာနိုင်ငံမှာ စူးစမ်းရှာဖွေလိမ့်မယ်လို့လည်း သမ္မတအိုဘားးမားက ပြောကြားသွားခဲ့ပါတယ်။
(VOA NEWS)

No comments:

Post a Comment