Monday 16 January 2012

...နော်ဝေးကုမ္ပဏီတွေ မြန်မာနိုင်ငံမှာ ရင်းနှီးမြှုပ်နှံခွင့်ရပြီ...

နော်ဝေး ကုမ္ပဏီတွေအနေနဲ့ မြန်မာနိုင်ငံအတွင်း ရင်းနှီးမြှုပ်နှံမှုတွေ မလုပ်ဖို့ ပိတ်ဆို့ထားတာကို အကန့်အသတ်နဲ့ ပြန်ရုပ်သိမ်းဖို့ နော်ဝေးအစိုးရက ဆုံးဖြတ်လိုက်ပါတယ်။ နိုင်ငံရေးအကျဉ်းသား အတော်များများကို မြန်မာအစိုးရက လွှတ်ပေးလိုက်တဲ့အပေါ် နိုင်ငံတကာရဲ့ အပြုသဘောဆောင် တုံ့ပြန်မှုတွေထဲက နောက်ဆုံး တစ်ခုလည်း ဖြစ်ပါတယ်။ တချိန်တည်းမှာပဲ နောက်ထပ်...........        


အီးယူအဖွဲ့ဝင် နိုင်ငံတစ်ခုဖြစ်တဲ့ ပြင်သစ်နိုင်ငံကလည်း ဒေါ်အောင်ဆန်းစုကြည်ကို ပြင်သစ်နိုင်ငံရဲ့ အမြင်ဆုံး ဂုဏ်ထူးဆောင်ဆုကို ချီးမြှင့်လိုက်ပါတယ်။ အပြည့်စုံကိုတော့ ကိုဇော်ဝင်းလှိုင်က တင်ပြထားပါတယ်။
မြန်မာနိုင်ငံအပေါ် ချမှတ်ထားတဲ့ ပိတ်ဆို့အရေးယူမှုတချို့ကို အကန့်အသတ်နဲ့ ပြန်ရုပ်သိမ်းဖို့ အစိုးရအနေနဲ့ ဆုံးဖြတ်လိုက်တဲ့အကြောင်း နော်ဝေး နိုင်ငံခြားရေးဝန်ကြီးဌာနက ဇန်န၀ါရီလ ၁၄ ရက် နေ့စွဲနဲ့ ကြေညာချက် ထုတ်ပြန်လိုက်တာပါ။

ဇန်န၀ါရီလ ၁၃ ရက်နေ့က နိုင်ငံရေးအကျဉ်းသား တချို့ ပြန်လွှတ်ပေးလိုက်တာ အပါအ၀င် လွန်ခဲ့တဲ ၂ လလောက်အတွင်း မြန်မာနိုင်ငံထဲမှာ ဖြစ်ပေါ်တိုးတက်နေတဲ့ ပြောင်းလဲမှုတချို့ကြောင့် ၁၉၉၇ ခုနှစ်ကတည်းက ချမှတ်ထားခဲ့တဲ့ ပိတ်ဆို့မှုတချို့ကို ရုပ်သိမ်းဖို့ ဆုံးဖြတ်လိုက်တာ ဖြစ်တဲ့အကြောင်း နိုင်ငံခြားရေး ၀န်ကြီးဌာန ပြောခွင့်ရပုဂ္ဂိုလ် ဖရော်ဒါ အန်ဒါဆန် (Frode Andersen) က ပြောပါတယ်။

“နော်ဝေး ကုမ္ပဏီတွေအနေနဲ့ မြန်မာနိုင်ငံနဲ့ ကုန်သွယ်မှုတွေမလုပ်ဖို့၊ မြန်မာနိုင်ငံအတွင်း ရင်းနှီးမြှုပ်နှံမှုတွေ မလုပ်ဖို့ ကန့်သတ် ထားတာတွေကို ပြန်ရုပ်သိမ်းဖို့ နော်ဝေးအစိုးရက ဆုံးဖြတ်လိုက်ပါတယ်။ မြန်မာနိုင်ငံနဲ့ ကုန်သွယ်မှုတွေ ရင်းနှီးမြှုပ်နှံမှုတွေ မလုပ်ဖို့ ကျနော်တို့ တိုက်တွန်းခြင်း မလုပ်တော့ပါဘူး။ ဒါပေမဲ့ ကျနော်တို့နိုင်ငံဟာ အီးယူ ဥရောပသမဂ္ဂ အဖွဲ့ဝင်နိုင်ငံ တစ်နိုင်ငံဖြစ်တာနဲ့အညီ အီးယူက ချမှတ်ထားတဲ့ ပိတ်ဆို့အရေးယူမှုတွေ ကိုတော့ ဆက်လက် ကျင့်သုံးသွားမှာပါ။”

အီးယူက ချမှတ်ထားတဲ့ ပိတ်ဆို့အရေးမှုတွေကတော့ အရင် စစ်အစိုးရမှာ ပါဝင်ခဲ့တဲ့ စစ်တပ်အရာရှိတွေနဲ့ သူတို့မိသားစုဝင်တွေ၊ သူတို့နဲ့ နီးစပ်တဲ့ အသိုင်းအ၀ိုင်းတို့အပေါ် ပြည်ဝင်ခွင့်ဗီဇာ ပိတ်ပင်ထားတာနဲ့ တခြား ဘဏ္ဍာငွေကြေး၊ စစ်လက်နက်နည်းပညာ တင်ပို့ ရောင်းချမှု၊ သစ်တောထွက်ပစ္စည်း အမျိုးမျိုးနဲ့ လူထုကို ဖိနှိပ်တဲ့နေရာမှာ အသုံးပြုမယ့် ပစ္စည်းကိရိယာတွေ မတင်ပို့ရ စတာတွေ ပါဝင်ပါတယ်။
အခုလျော့ပေါ့ပေးလိုက်ပြီ ဆိုပေမဲ့ အီးယူက ဆက်ပြီး အရေးယူ ထားတာတွေနဲ့အညီ ဖြစ်ဖို့တော့ လိုတယ်လို့ နိုင်ငံခြားရေးဝန်ကြီးဌာန ပြောခွင့်ရပုဂ္ဂိုလ်က ဆက်ပြောပါတယ်။

“နော်ဝေး ကုမ္ပဏီတွေအနေနဲ့ မြန်မာနိုင်ငံထဲမှာ တာဝန်သိစိတ်ဓါတ်နဲ့ လွတ်လပ်စွာ ရင်းနှီးမြှုပ်နှံနိုင်သလို လွတ်လပ်စွာ ကုန်သွယ်ခွင့်လည်း ရှိပါတယ်။ ဒါပေမဲ့ အီးယူက ချမှတ်ထားတဲ့ ပိတ်ဆို့မှုတွေကိုတော့ အလေးထား လိုက်နာကြဖို့တော့ လိုပါလိမ့်မယ်။”
တဘက်မှာ နော်ဝေးနိုင်ငံက မြန်မာနိုင်ငံအပေါ်ပေးနေတဲ့ လူမှု ဖွံ့ဖြိုးရေး အကူအညီတွေကို ဆက်လက် ထောက်ပံ့ပေးသွားမှာ ဖြစ်တယ်လို့လည်း သူက ပြောပါတယ်။

မြန်မာနိုင်ငံအတွင်း နိုင်ငံရေးအရ တွေ့ဆုံ ဆွေးနွေးမှုတွေကို အထောက်အကူ ပြုစေဖို့နဲ့ တခြား လူမှုရေးအရ အကူအညီ ပေးနေတဲ့ လုပ်ငန်းတွေ အထောက်အကူ ဖြစ်စေဖို့အတွက် ဥရောပသမဂ္ဂရဲ့ ကိုယ်စားလှယ်ရုံး ရန်ကုန်မြို့မှာ ဖွင့်မယ်လို့ အီးယူ ပြောခွင့်ရပုဂ္ဂိုလ် မိုက်ကယ်မန်း (Michael Mann) က ပြီးခဲ့တဲ့ ဇန်န၀ါရီလ ၅ ရက်နေ့မှာ ပြောခဲ့ပြီး ဖြစ်ပါတယ်။

တချိန်တည်းမှာပဲ အီးယူ အဖွဲ့ဝင်နိုင်ငံတစ်ခုဖြစ်တဲ့ ပြင်သစ်နိုင်ငံက ဒေါ်အောင်ဆန်းစုကြည်ကို ပြင်နိုင်ငံရဲ့ အမြင့်ဆုံး Legion of Honor ဂုဏ်ထူးဆောင်ဆု ချီးမြှင့်ဖို့ ပြင်သစ်သမ္မတ နီကိုလပ်စ် ဆာကိုဇီ (Nicolas Sarkozy) ရုံးက ဆုံးဖြတ်လိုက်တဲ့အကြောင်း ဇန်န၀ါရီလ ၁၃ ရက်နေ့က ကြေညာချက် ထုတ်ပြန်ခဲ့ပါတယ်။
နေအိမ်အကျယ်ချုပ် ကျခံနေရတဲ့ ကာလအပါအ၀င် မြန်မာနိုင်ငံ ဒီမိုကရေစီနဲ့ လွတ်မြောက်မှု ရရှိရေးအတွက် သတ္တိရှိရှိ ကြိုးစား လုပ်ဆောင်ခဲ့တာကို ဂုဏ်ပြုတဲ့အနေနဲ့ ပြင်သစ်နိုင်ငံရဲ့ အမြင့်ဆုံး ဒီဆုကို ပေးအပ်တဲ့အကြောင်း အဲဒီ ကြေညာချက်မှာ ဖော်ပြထားပါတယ်။

ဒေါ်အောင်ဆန်းစုကြည်ဟာ မြန်မာ့ဒီမိုကရေစီအရေးကို နှစ်ပေါင်းများစွာ ကိုယ်ကျိုးစွန့် လုပ်ဆောင်နေခဲ့သူ တစ်ဦး ဖြစ်တာကြောင့် ပြင်သစ်က အခုမှ ဒီဆုပေးတာဟာ အရမ်းကို နောက်ကျနေတယ်လို့ RSF နယ်စည်းမခြား သတင်းထောက်များအဖွဲ့က အာရှပစိဖိတ်ဒေသဆိုင်ရာ တာဝန်ခံ ဘန်ဂျမင်အစ်မေးလ် (Benjamin Ismail) က ပြောပါတယ်။

“ဒေါ်အောင်ဆန်းစုကြည်အနေနဲ့ ဒီမိုကရေစီအရေး တိုက်ပွဲဝင်နေခဲ့တာ ကြာပါပြီ။ ပြင်သစ်အစိုးရက အခုမှ ဒီဆုကို ပေးတာဟာ ကျနော့် ပုဂ္ဂိုလ် တစ်ဦးတည်းအနေနဲ့ ပြောရရင်တော့ အရမ်းကို နောက်ကျနေပါပြီဗျာ။”
ဒီ Legion of Honor ဆုကို မြန်မာနိုင်ငံကို စနေနေ့က ရောက်လာတဲ့ ပြင်သစ်နိုင်ငံခြားရေးဝန်ကြီး အလန်ယူပေ (Alain Juppe) က တနင်္ဂနွေနေ့ ဒေါ်အောင်ဆန်းစုကြည်နဲ့ တွေ့တဲ့အခါ ကိုယ်တိုင်ပေးအပ်မှာ ဖြစ်ပါတယ်။
လက်ရှိ ဖြစ်ပေါ်နေတဲ့ ပြောင်းလဲမှုတွေဟာ အချိန်မရွေး နောက်ပြန်လှည့် သွားနိုင်တာမို့ ဆက်လက် စောင့်ကြည့်ဖို့ လိုဦးမယ်လို့ သူက ပြောပါတယ်။

“ပြင်သစ်အစိုးရက အနာဂတ်မှာ ဘယ်လို မူဝါဒတွေ ချမှတ် လုပ်ဆောင်မယ် ဆိုတာတော့ ကျနော်တို့ အတိအကျ မသိဘူး၊ ဒါပေမဲ့ ကျနော်တို့ RSF အနေနဲ့ကတော့ နိုင်ငံရေး အကျဉ်းသားတွေ လွှတ်ပေးတာနဲ့ တခြား ပြောင်းလဲမှုတွေ ဖြစ်ပေါ်နေတာကို ကြိုဆိုပါတယ်။ အဲဒီလို တိုးတက်တဲ့ ပြောင်းလဲမှုတွေ ဆက်လုပ်ဖို့အတွက်လည်း တိုက်တွန်းသွားမှာပါ။ ဒါပေမဲ့ တဘက်ကလည်း အဲဒီ ဖြစ်ပေါ် တိုးတက်မှုတွေကို စောင့်ကြည့်သွားမှာဖြစ်ပြီး နောက်ပြန်ဆုတ်သွားမယ့် လုပ်ဆောင်ချက်မျိုးတွေကို ဝေဖန် ထောက်ပြသွားမှာ ဖြစ်ပါတယ်။”

သူတို့ နယ်စည်းမခြား သတင်းထောက်များအဖွဲ့လို သတင်းနဲ့ သတင်းသမားတွေရဲ့ လွတ်လပ်ခွင့်ကို စောင့်ကြည့်တဲ့အဖွဲ့တွေကို တိုင်းပြည်အတွင်း လာရောက် လေ့လာခွင့် ပြုတာဟာလည်း စစ်မှန်တဲ့ ပြောင်းလဲမှုတွေ လုပ်ဆောင်တယ် ဆိုတာကို ပြသရာ ရောက်တာကြောင့် မြန်မာအစိုးရကက ခွင့်ပြုရင် သူ့အနေနဲ့ မြန်မာပြည်ကို ကိုယ်တိုင် သွားရောက် လေ့လာလိုကြောင်း ဘန်ဂျမင်က ပြောပါတယ်။
 ( VOA NEWS )

No comments:

Post a Comment