Sunday 18 September 2011

...ဘင်္ဂလား မြန်မာ ရေပိုင်နက်ပြဿနာ နိုင်ငံတကာခုံရုံး ကြားနာ...

မြန်မာနဲ့ဘင်္ဂလားဒေ့ရှ်အကြား ရေပိုင်နက်အငြင်းပွားမှု ဖြစ်နေတဲ့အမှုနဲ့ပတ်သက်လို့ ဂျာမဏီနိုင်ငံ ဟမ်ဘတ်မြို့က ပင်လယ်ပြင်ဥပဒေဆိုင်ရာ နိုင်ငံတကာတရားရုံးမှာ ကြားနာမှုတွေ စတင်ပြုလုပ်နေပြီ ဖြစ်ပါတယ်။ ဘင်္ဂလားဒေ့ရှ်ဘက်ကတော့ ၁၉၇၄ ခုနှစ် နှစ်နိုင်ငံရေပိုင်နက်သတ်မှတ်မှု သဘောတူညီမှု ရရှိထားပြီးသားဖြစ်တယ်လို့ အခိုင်အမာပြောနေပေမဲ့လို့ မြန်မာဘက်ကတော့ ဒါဟာ မမှန်ကန်ဘဲ ဆွေးနွေးညှိနှိုင်းမှုအဆင့်တခုသာ ဖြစ်တယ်လို့ တရားရုံးမှာ.......................


                        အပြန်အလှန် ချေပ ပြောဆိုခဲ့ကြပါတယ်။ ဒီအကြောင်း ကိုသားညွန့်ဦးက တင်ပြထားပါတယ်။
၁၉၇၄ ခုနှစ် နှစ်နိုင်ငံသဘောတူညီချက်အရ အခု အငြင်းပွားနေတဲ့ ရေပိုင်နက်ဟာ ဘင်္ဂလားဒေ့ရှ်ပိုင်နက် နယ်မြေဖြစ်သလို ဒီအပေါ်မှာလည်း နှစ်ပေါင်းများစွာ နှစ်ဖက် လက်ခံလိုက်နာပြီးမှ အခုမှ မြန်မာဘက်က သူ့ပိုင်နက်ဖြစ်တယ်လို့ ပြောဆိုလာတာဖြစ်တဲ့အကြောင်း ဘင်္ဂလားဒေ့ရှ်ဘက်က တရားရုံးကို တင်ပြခဲ့ပါတယ်။ အခုပြီးခဲ့တဲ့ ကြာသာပတေးနေ့နဲ့ သောကြာနေ့ နှစ်ရက်မှာတော့ မြန်မာနိုင်ငံဘက်က ရှေ့နေတွေရဲ့  ပြန်လည် ချေပချက် တင်ပြချက်တွေကို ကြားနာပါတယ်။

ဒါဟာ မြန်မာအနေနဲ့ အိမ်နီးချင်းနိုင်ငံတခုနဲ့ ပိုင်နက်ဆိုင်ရာ အငြင်းပွားမှု နိုင်ငံတကာ တရားရုံးတခုမှာ ပထမဆုံး ရင်ဆိုင်တဲ့အမှု ဖြစ်ပါတယ်။ တရားရုံးကို တတ်ရောက်လာတဲ့ မြန်မာကိုယ်စားလှယ်အဖွဲ့ ခေါင်းဆောင် ပြည်ထောင်စုရှေ့နေချုပ် ဦးထွန်းရှင်ကတော့ မြန်မာအနေနဲ့ သံတမန်ရေးအရ ဖြေရှင်းချင်ပေမဲ့ နောက်ဆုံးမလွှဲသာလို့ အခုလို နိုင်ငံတကာခုံရုံးအထိ ရောက်လာရတာဖြစ်တယ်လို့ ပြောသွားပါတယ်။

“မြန်မာနိုင်ငံအနေနဲ့ တခြား အိမ်နီးချင်းတိုင်းပြည်တွေဖြစ်ကြတဲ့ အိန္ဒိယ၊ ထိုင်းတို့နဲ့ လေးနက်တဲ့ သဘောတူညီချက်တွေ ရရှိထားပါတယ်။ ဘင်္ဂလားဒေ့ရှ် နိုင်ငံနဲ့သာ ဒီလို သဘောတူညီချက်ဟာ မဖြစ်နိုင်တာကို သက်သေအဖြစ် ပြနေပါတယ်။ ဒါကြောင့်လဲ ကျနော်တို့ ဒီနေရာကို ရောက်နေရတာပါ။”
မြန်မာနိုင်ဘက်က ရှေ့နေတွေကတော့ ဘင်္ဂလားဒေ့ရှ်က အခိုင်အမာပြောနေတဲ့ ၁၉၇၄ ခုနှစ် နှစ်နိုင်ငံသဘောတူညီချက် ဆိုတာမရှိဘဲ ဒါဟာ ဆွေးနွေးညှိနှိုင်းမှုရဲ့ မှတ်တမ်းတခုပဲ ဖြစ်တယ်လို့ ပြန်လည် ချေပနေပါတယ်။ ရှေ့နေတဦးဖြစ်တဲ့ ဆာရ် မိုက်ကယ် ၀ုဒ် (Sir Micheal Wood) ကတော့ ဒီမှတ်တမ်းကို တရားဝင် အသိအမှတ်ပြု လက်ခံလို့မရဘူးလို့ ချေပနေပါတယ်။

“ပထမဆုံးအချက်ကတော့ ဘင်္ဂလားဒေ့ရှ်ဘက်ကတော့ အခိုင်အမာ ပြောနေတဲ့ ၁၉၇၄ ခုနှစ် ဆွေးနွေးပွဲမှတ်တမ်းဟာ တကယ်တော့ တရားဝင် လက်ခံထားတဲ့ သဘောတူညီချက် မဟုတ်ပါဘူး။ ဒုတိယအချက်ကတော့ ဒီ ဆွေးနွေးပွဲမှတ်တမ်းဟာ ရေပိုင်နက်သတ်မှတ်ချက် သဘော မပါပါဘူး။ ဒါဟာ ပင်လယ်ပြင် ရေပိုင်နက် သတ်မှတ်ဖို့အတွက် ဆွေးနွေးညှိနှိုင်းမှု အဆင့်တခုရဲ့ နှစ်ဖက်ဆွေးနွေး နားလည်ချက်တွေကို မှတ်တမ်းပြုထားတာပါ။ တတိယတချက်က နှစ်ဖက်စလုံး ပြီးခဲ့တဲ့ ကျင့်သုံးဆောင်ရွက်ခဲ့တဲ့အပိုင်းတွေဟာ ပင်လယ်ပြင်ပိုင်နက် သတ်မှတ်ချက်ကို သဘောတူ အသိအမှတ်ပြုတဲ့သဘော မဟုတ်ပါဘူး။”

ရေပိုင်နက်နယ်မြေ အခု ငြင်းပွားနေတဲ့နေရာဟာ ကမ်းလွန်ရေနံနဲ့ သဘာဝဓါတ်ငွေ့ ထွက်နိုင်တဲ့ အရင်းအမြစ် ပေါကြွယ်တဲ့ဒေသအဖြစ် နောက်ပိုင်းမှာ တွေ့ရှိလာကြတာပါ။ ဘင်္ဂလားဒေ့ရှ်ဘက်ကလည်း ၁၉၇၄ သဘောတူညီချက်ကို မြန်မာဘက်က နှစ်ပေါင်းများစွာ လက်ခံလိုက်နာခဲ့ပြီးမှ အခုမှ ဒါဟာ မြန်မာပိုင်ဖြစ်တယ်လို့ ပြောလာတာ ဖြစ်တယ်လို့ ထောက်ပြပါတယ်။

ဒီနယ်မြေကို ဘင်္ဂလားဒေ့ရှ်ဘက်က စိန့်မာတီကျွန်းနဲ့ မြန်မာဘက်က မေယုကျွန်းတို့ကို တည်ထားပြီးတော့ သူပိုင်ငါပိုင် ပိုင်နက် တိုင်းထွာထားကြပါတယ်။ ပထ၀ီသဘောအရ နယ်မြေကို သူပိုင်ငါပိုင် ပြောဆိုတဲ့ နေရာမှာတော့ ဘင်္ဂလားဒေ့ရှ်ဘက်က တောင်မြောက်မျဉ်းနဲ့ အဖြောင့်တိုင်းပြီး သူ့ပိုင်နက်ဖြစ်တယ်လို့ ပြသလို မြန်မာနိုင်ငံဘက်ကတော့ အရှေ့အနောက် မျဉ်းဖြောင့်တိုင်းပြီး မြန်မာပိုင်နက်ထဲမှာ အကျုံးဝင်တယ်ဆိုပြီး ပြထားပါတယ်။ ဘင်္ဂလားဒေ့ရှ်ဘက်က တိုင်းတာပြတဲ့ ရေမိုင် ၂၀၀ အလွန် ကမ်းဦးရေတိမ်ပိုင်း သတ်မှတ်ချက်ဟာ မှားယွင်းမှုရှိတယ်လို့ မြန်မာဘက်က ရှေ့နေတွေက ပြန်လည် ချေပနေပါတယ်။

ဒါ့အပြင် ၁၉၇၄ ခုနှစ်နောက်ပိုင်းမှာလည်း ဒီနယ်မြေအတွက် မြန်မာနဲ့ ဘင်္ဂလားဒေ့ရှ်ကြားမှာ မပြတ် ဆွေးနွေးမှုတွေရှိခဲ့တယ် ဆိုတာကို မြန်မာနိုင်ငံဘက်က ရှေ့နေတွေက တင်ပြခဲ့ကြပါတယ်။
မြန်မာဘက်က အခု တင်ပြမှုဟာ ကြာသာပတေးနဲ့ သောကြာနေ့တွေမှာ အဆုံးမသတ်နိုင်သေးတာကြောင့် လာမယ့် တနင်္လာနေ့မှာ ဆက်ပြီး တင်ပြမှာဖြစ်ပါတယ်။ ပြီးရင်တော့ ဒုတိယအကျော့ နှစ်ဖက် ပြန်လည် တင်ပြ ချေပကြမှာဖြစ်ပြီး နောက်ဆုံးမှာ နိုင်ငံတကာခုံရုံးကနေ အဆုံးအဖြတ်ပေးမယ်လို့ မျှော်လင့်ရပါတယ်။ ဒီအမှုဟာ နိုင်ငံတကာ ရေပိုင်နက်အငြင်းပွားမှုဆိုင်ရာ စံပြုစရာ သတ်မှတ်ချက် ဖြစ်လာနိုင်တာကြောင့် နိုင်ငံတကာကလည်း စိတ်ဝင်စားတဲ့အမှု ဖြစ်နေပါတယ်။
( VOA NEWS )

No comments:

Post a Comment