Tuesday 31 May 2011

...မန်မိုရီစတစ်ပင် အသုံးမပြုရတော့ စသော တင်းကြပ်လွန်းသော စည်းကမ်းများကို မလိုက်နာလျှင် လိုင်စင်ပိတ်သိမ်းမည်ဟု အင်တာနက်ဆိုင်များကို အမိန့်ထုတ်ပြန်...


အများပြည်သူ အသုံးပြုရန် ဖွင့်လှစ်ထားသော အင်တာနက်ကဖေးများတွင် ...................


လိုက်နာရန် ဟူသော ညွှန်ကြားချက် တစ်စောင်ကို လွန်ခဲ့သည့် ရက်အနည်းငယ်က အစိုးရမှ ထုတ်ပြန် ခဲ့ကြောင်း သတင်းရရှိသည်။ တင်းကြပ်လွန်းသော အဆိုပါ ညွှန်ကြားချက်ကို မလိုက်နာပါက ဆိုင်လိုင်စင် ပိတ်သိမ်းသည်အထိ တည်ဆဲဥပဒေများနှင့် မြန်မာနိုင်ငံ အစိုးရ လျှို့ဝှက်ချက် ဥပဒေများဖြင့် အရေးယူသွားမည် ဖြစ်ကြောင်းလည်း ကြေညာချက်၌ ပါရှိခဲ့သည်။

အဆိုပါ စည်းကမ်းများ အနက် အင်တာနက်ကဖေး လိုင်စင်သုံးစွဲခြင်းနှင့် အခွန်ဆောင်ခြင်း စည်းကမ်းချက်များမှာ မဆန်းသော်လည်း လာရောက်သုံးစွဲသူ တစ်ဦးချင်း၏ အမည်၊ မှတ်ပုံတင်၊ နိုင်ငံခြားသား ဆိုလျှင် Passport No. ၊ လိပ်စာနှင့် ဖုန်းနံပါတ်များကို မှတ်သားထားရမည်၊ လာရောက်သုံးစွဲသူ တစ်ဦးချင်းစီ၏ သုံးစွဲမှု screen shot မှတ်တမ်း၊ သုံးစွဲသော URL များကို မှတ်တမ်းပြုလုပ်၍ တစ်လတစ်ကြိမ် ဆက်သွယ်ရေး ညွှန်ကြားမှု ဦးစီးဌာနသို့ ပေးပို့ရမည်၊ တားမြစ်ထားသော အပြည်ပြည်ဆိုင်ရာ ဖုန်းခေါ်ဆိုမှုများကို လုံးဝ မလုပ်ရ၊ တားမြစ်ထားသော နည်းပညာများ၊ ဆော့ဖ်ဝဲလ်များ၊ Hacking ၊ Spyware များ အသုံးမပြုနိုင်ရန် ဆိုင်က စီမံထားရမည် စသည့် တင်းကြပ် ပြင်းထန်သော စည်းကမ်းချက်များ အပြင် အပြင်းထန်ဆုံး အချက်မှာ CD Drive, Floopy Drive, USB Port နှင့် အခြား External Drive များ အသုံးပြုနိုင်ရန် တပ်ဆင်ထားခြင်း မရှိစေရ ဟူသော အချက် ဖြစ်လေသည်။



အဆိုပါ အချက်များကြောင့် မိမိတို့ အလုပ်ရှုပ်ရဦးမည် ဖြစ်ကြောင်း၊ လတ်တလောတော့ VOIP ဖုန်းများ ခေါ်ဆိုပေးခြင်း မလုပ်တော့သည်မှ အပ ကျန်အချက်များကို စတင်လိုက်နာကြခြင်း မရှိသေးကြောင်း ကမာရွတ်မြို့နယ်၊ လှည်းတန်းလမ်းဆုံအနီး၌ ဖွင့်လှစ်ထားသော အင်တာနက်ဆိုင် ၀န်ထမ်း တစ်ဦးက mmDailyNews သို့ ပြောဆိုခဲ့သည်။

အသက် ၂၀ အရွယ် အစိုးရနည်းပညာတက္ကသိုလ် ကျောင်းသားတစ်ဦးက “မန်မိုရီ စတစ်တောင် သုံးလို့ မရတော့ဘူး ဆိုတာ ဘယ်လိုဥပဒေကြီးလဲ။ လွတ်လပ်တဲ့ သူများအကျိုး မထိခိုက်ရင် ရတဲ့ ဒီမိုကရေစီ စနစ်ဆို……..။ အခုတော့ ကိုယ်ရေးကိုယ်တာ ဘာတွေကြည့်သလဲ ဆိုတာ ပြောပြရသလို ကတ်ပြားပါ ပြရဦးမယ်တဲ့။ အစိုးရအသစ်ဟာ ပိုကောင်းတဲ့ ပြုပြင်ပြောင်းလဲမှုတွေ လုပ်ပြနိုင်မလား ဆိုတာ ကျွန်တော်တို့တွေ စောင့်နေကြပါတယ်။ အဓိပ္ပာယ်မဲ့ တင်းကြပ်မှုတွေ ဆိုရင်တော့ မလိုလားပါဘူး။ နိုင်ငံတကာရဲ့ ပိတ်ဆို့အရေးယူမှုတွေ ရုတ်သိမ်းတော့မလိုလို ဖြစ်နေတဲ့ အချိန်မှာ ဒီကြေညာချက်ဟာ အနုတ်သဘောဆောင်တဲ့ သက်ရောက်မှုမျိုးပဲ ဖြစ်စေပါလိမ့်မယ်” ဟု သူ၏အမြင်ကို ပြတ်သားစွာ ပြောပြသွားခဲ့သည်။

လူစည်ကားရာ နေရာများ၌ ဖွင့်လှစ်ထားသည့် အင်တာနက်ဆိုင်များတွင် အသုံးပြုသူအားလုံး၏ ၇၀% ခန့်သည် USB Memory Stick များကို အသုံးပြု၍ အင်တာနက်မှ ရယူသော အချက်အလက်များ (ဥပမာ ပုံများ၊ ဗီဒီယိုဖိုင်များ၊ mp3 ဖိုင်များ၊ စာများ စသည်) ကို သိမ်းဆည်းရရှိနေကြပြီး ထိုပစ္စည်းများသာ လုံးဝအသုံးပြုခွင့် မရတော့လျှင် အင်တာနက်ဆိုင်များ၏ ၀င်ငွေ၌ သိသိသာသာ ထိခိုက်ဖွယ် ရှိကြောင်း ရန်ကုန်မြို့ခံ အမျိုးသမီးငယ်တစ်ဦးက သုံးသပ် ပြောကြားသည်။

(MMDailyNews)

No comments:

Post a Comment