Tuesday 31 May 2011

...တစ်လနှစ်လအတွင်း ဒေါ်အောင်ဆန်းစုကြည် ရန်ကုန်မြို့အပြင်ဖက် ခရီးထွက်ရန် အစီအစဉ်ရှိနေ၊ သူမ၏ လုံခြုံရေးအတွက် ပြည်သူများ စိုးရိမ်နေကြ (Some Photos Included) ...

မေလ ၁၉ ရက်နေ့က အမေရိကန် ဒုလက်ထောက် နိုင်ငံခြားရေး ဝန်ကြီး မစ္စတာ ဂျိုးဇက်ယွန်းက ဒေါ်အောင်ဆန်းစုကြည်အား ရန်ကုန်မြို့ တက္ကသိုလ် ရိပ်သာလမ်း နေအိမ်တွင် တွေ့ဆုံခဲ့ပြီးနောက် လာရောက် သတင်းယူသော ပြည်တွင်း သတင်းထောက်များကို သူမသည် လာမည့် တစ်လ နှစ်လအတွင်း ရန်ကုန်မြို့အပြင်ဖက်သို့ ခရီးထွက်ရန် စီစဉ်ထားကြောင်း ပြောကြားလိုက်သည်။

သတင်းထောက်များက လုံခြုံရေးအတွက် မည်သို့ စီစဉ်ထားပါသနည်းဟု မေးမြန်းရာတွင် အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် ဒုတိယဥက္ကဋ္ဌ ဦးတင်ဦးက လုံခြုံရေးအတွက် အစိုးရတွင် တာဝန်ရှိကြောင်း  ဖြေကြားခဲ့ဟု သတင်းရရှိသည်။ ထိုသို့ ဒေါ်အောင်ဆန်းစုကြည် ခရီးထွက်မည် ဆိုသော သတင်းကို ကြားသိရသောကြောင့် သူမ၏ လုံခြုံရေးကို အထူးပင် စိတ်ပူမိပါကြောင်း၊ ဒီပဲယင်း အရေးအခင်း တုန်းကကဲ့သို့ ထပ်ဖြစ်မှာ ပူမိကြောင်း ရန်ကုန်မြို့ခံများက mmDailyNews ကို ပြောပြခဲ့သည်။ ဒေါ်အောင်ဆန်းစုကြည်ကတော့ သူမသည် လက်ရှိအနေအထားတွင် အလုပ်များနေသောကြောင့် အလုပ်များ ပြတ်အောင် လုပ်နေရပြီး အဆင်ပြေသည်နှင့် ခရီးထွက်မည် ဖြစ်ကြောင်း အေးဆေးစွာ ပြောပြခဲ့သည်ဟု ကြားသိရသည်။


၂ဝဝ၃ ခုနှစ် ဒေါ်အောင်ဆန်းစုကြည်၏ ခရီးစဉ် မိုးကုတ်မြို့သို့ အရောက် ဒေသခံများ သောင်းသောင်းဖျဖျ ကြိုဆိုကြစဉ်

ဒေါ်အောင်ဆန်းစုကြည်နှင့် အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်ဝင်များသည် ၂ဝဝ၃ ခုနှစ်က မြန်မာနိုင်ငံအနှံ့ မော်တော်ယာဉ်တန်းဖြင့် ခရီးလှည့်လည်စဉ် မေ ၃၁ ရက်နေ့ စစ်ကိုင်းတိုင်း၊ ဒီပဲယင်းမြို့နယ်၊ ကျီရွာအနီး၌ လူရမ်းကားတစ်စု၏ ပြင်းထန်စွာ တိုက်ခိုက်ခြင်းကို ခံခဲ့ရပြီး ကံကောင်းစွာဖြင့် ဒေါ်အောင်ဆန်းစုကြည် လွတ်မြောက်ခဲ့သော်လည်း အဖွဲ့ဝင် အချို့ သေဆုံးဒဏ်ရာရမှုများ ဖြစ်ခဲ့လေသည်။ ယခင် အစိုးရ၏ မီဒီယာများတွင် အဆိုပါ ဒီပဲယင်း အရေးအခင်းကို ဒေါ်အောင်ဆန်းစုကြည်အား ကန့်ကွက်သော ပြည်သူတစ်စု၏ တိုက်ခိုက်မှုဟု ဖော်ပြခဲ့လေသည်။




ဒေါ်အောင်ဆန်းစုကြည်ကို ဂုဏ်ပြုရိုက်ကူးထားသော "The Lady" ရုပ်ရှင်ဇာတ်ကားမှ မင်းသမီး မစ်ရှယ်ယိုး၏ သရုပ်ဆောင်မှုများ

ထိုကဲ့သို့ ဖြစ်စဉ်မျိုးသည် လုံး မလိုလားအပ်ပါကြောင်း၊ နိုင်ငံတကာနှင့် အပြုသဘော ဆောင်သော ဆက်ဆံရေး တိုးတက်မှုများ ရရှိနေသော လက်ရှိ အခြေအနေတွင် နိုင်ငံ၏ တိုးတက်ရေး လမ်းကြောင်းပေါ်မှ သွေဖယ်သွားနိုင်သော အဆိုပါ ဖြစ်ရပ်မျိုး ထပ်မံ ဖြစ်မလာအောင် အစိုးရသစ်အနေဖြင့် တားဆီးကာကွယ်ပေးနိုင်မည်ဟု မျှော်လင့်ပါကြောင်း ရန်ကုန်မြို့ခံ အငြိမ်းစား ပညာရေးမှူး တစ်ဦးက mmDailyNews သို့ သူ၏ အမြင်ကို ပြောပြခဲ့သည်။

နောက်ထပ် တစ်လ နှစ်လအတွင်း၌  အဆိုပါ ခရီးစဉ်သာ တကယ်ထွက်ဖြစ်မည် ဆိုပါက ၂ဝ၁ဝ နိုဝင်ဘာ ၁၃ ရက်နေ့ နေအိမ်အကျယ်ချုပ်မှ လွတ်မြောက်လာပြီးနောက် နှစ်ဝက်အတွင်း ဒေါ်အောင်ဆန်းစုကြည်၏ ပထမဆုံး ရန်ကုန်မြို့အပြင် ထွက်ခွင့်ရသည့် ခရီးရှည် ဖြစ်လာမည် ဖြစ်လေသည်။ 

( MMDailyNews) 

No comments:

Post a Comment