Monday 30 May 2011

...ဗွီအိုအေပရိသတ်နဲ့ ဒေါ်အောင်ဆန်းစုကြည်...

ဗွီအိုအေပရိသတ်နဲ့ မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်တို့ရဲ့ ဒီသီတင်းပတ် အမေးအဖြေ အစီအစဉ်ထဲမှာ စင်္ကာပူရောက် မြန်မာပြည်သားတွေ နှစ်ထပ်ကွမ်း အခွန်ဆောင်နေရတာနဲ့ ပတ်သက်တဲ့ မေးခွန်း၊ အစိုးရမဟုတ်တဲ့ အဖွဲ့အစည်းတွေ၊ အရပ်ဘက် လူမှုအဖွဲ့အစည်းတွေအကြောင်း၊ ဖွံ့ဖြိုးပြီးနိုင်ငံတခုရဲ့ ..........................


သွင်ပြင်လက္ခဏာတွေ၊ နိုင်ငံရေးပါတီနဲ့ ခေါင်းဆောင်မှု၊ ဒေါ်အောင်ဆန်းစုကြည်အပေါ် ဝေဖန်တာတွေကို ဘယ်လိုမြင်တယ်၊ သတင်း လွတ်လပ်ခွင့်၊ အကျဉ်းသားတွေ လွတ်တဲ့အပေါ်အမြင် စတဲ့ မေးခွန်းတွေကို မေးမြန်း ဖြေကြားထားပါတယ်။

အမေ ဒေါ်အောင်ဆန်းစုကြည် ကျန်းမာပါစေဆိုတဲ့ ဆုတောင်းနဲ့အစချီပြီး စင်္ကာပူရောက် ရွှေမြန်မာတွေ အခွန်နှစ်ထပ် ဆောင်နေရတာနဲ့ပတ်သက်လို့ နန္ဒဆိုတဲ့ သောတရှင်က မေးထားပါတယ်။ သူ့ရဲ့စာက အတော် လေး ပြည့်ပြည့်စုံစုံ ရေးသားထားပေမဲ့ အချိန်ကိုငဲ့ကွက်ပြီး အဓိက မေးခွန်းကိုပဲ ဒီနေရာမှာ ဖော်ပြပါရစေ။

မေး။    ။ ပြဿနာကတော့ မြန်မာသံရုံးကိုပေးရတဲ့ အခွန်ပါပဲအမေ။ တိုင်းပြည်မှာနေခဲ့တယ်၊ တိုင်းပြည်ကို ပြန်လည်ပေးဆပ်ရမယ်ဆိုတာ နားလည် လက်ခံပါတယ် အမေ၊ ဒါပေမယ့် တခါတလေလည်း မတရား ခေါင်းပုံဖြတ်ခံနေရသလို ခံစားမိပါတယ်အမေ။ ကျွန်တော်တို့ဟာ လက်ရှိနေထိုင်တဲ့ နိုင်ငံကိုလည်း အခွန် ပေးဆောင်ရပါတယ် အမေ၊ နောက် မြန်မာပြည်ကိုလည်း အခွန်ဆိုပြီး ထပ်ဆောင်ရပါတယ် အမေ၊ ကျွန်တော်တို့ နားလည်သလောက်တော့ လူတစ်ယောက်ဟာ နိုင်ငံတစ်ခုစာအတွက်ပဲ အခွန်ထမ်းရမယ်ဆိုရင် ကျွန်တော်တို့လို နှစ်ခါ ထမ်းနေရတာ တရားပါသလားအမေ၊ ဘာလို့လည်းဆိုတော့ ကျွန်တော်တို့ လက်လှမ်း မီသလောက် နှစ်နိုင်ငံ သဘောတူညီမှုအရ တစ်နိုင်ငံကသာ အခွန်ကောက်ရမယ်လို့ နားလည်ပါတယ် အမေ၊ နောက်တခုက အာဆီယံနိုင်ငံချင်းအတူတူ အခြားနိုင်ငံသားတွေက အခွန်မပေးရဘဲ၊ ဘင်္ဂလားဒေ့ရှ်လို နိုင်ငံ သားတွေတောင် သူတို့နိုင်ငံကို အခွန်မဆောင်ရဘဲ ဘာလို့ ကျွန်တော်တို့ကျမှ အခွန်တွေ မတရား ဆောင်နေ ရပါသလဲ၊ ဘင်္ဂလားဒေ့ရှ်လို၊ လာအိုလို၊ နီပေါလို နိုင်ငံသားတွေတောင် မပေးရတဲ့ အခွန်ဆိုတာကို မြန်မာ ပြည်သားတွေ မကျေနပ်ဘဲ ပေးနေရတာပါ၊
ကျွန်တော်တို့ စိတ်ဖြေသာဖို့ တစ်ခုခုတော့ ပြောပေးပါအမေရယ်။
အမေရွှင်လန်းချမ်းမြေ့ပါစေ။

ဖြေ။    ။ သား နန္ဒ ရေးလိုက်တဲ့ အခွန်ဆောင်မှုနဲ့ပတ်သက်တဲ့ ကိစ္စအားလုံးဟာ မြန်မာနိုင်ငံမှာ ပြည်သူကို မျက်နှာမူတဲ့ အုပ်ချုပ်ရေးစနစ် မရှိတာကို ထောက်ပြနေတာပါ။ နိုင်ငံရဲ့လိုအပ်ချက်ဆိုတာ တကယ်တော့ အများပြည်သူရဲ့ လိုအပ်ချက်အပေါ်မှာ အခြေခံရမှာပါ။ ဒီတော့ အခွန် အကောက်တွေဆိုရင် ပြည်သူတွေရဲ့ ပေးနိုင်ခြေကိုကြည့်ပြီး သတ်မှတ်ရမယ့်အပြင် ဒီအခွန် အကောက်တွေကို တိုင်းပြည်အတွက် ဘယ်လိုသုံး တယ်ဆိုတာ အများပြည်သူသိအောင် လုပ်ပေးရမှာပါ။ သံရုံးတွေဆိုတာလည်း မိမိတို့ နိုင်ငံသူ နိုင်ငံသားတွေ ကို ကူညီစောင့်ရှောက်တဲ့တာဝန်ကို ကျေကျေပွန်ပွန်နဲ့ ထမ်းဆောင်ရမှာပါ။

ဒီလို ပြည်သူကိုမျက်နှာမူတဲ့ အုပ်ချုပ်ရေးစနစ် ပေါ်ထွန်းဖို့ဆိုတာ နိုင်ငံရေးစနစ် ပြောင်းဖို့လိုပါတယ်။ ဒါမှ ပြည်သူတွေရဲ့ဆန္ဒကို လျစ်လျူရှုလို့မရတဲ့ အစိုးရမျိုး ပေါ်လာမှာပါ။
သားတို့လို ရပ်ဝေးမှာနေပြီး ကိုယ့်မိသားစုအတွက် ရုန်းကန်ရင်းနဲ့ တတ်နိုင်သမျှ ကိုယ့်တိုင်းပြည်အတွင်းမှာ ဒုက္ခရောက်နေသူတွေကို ပံ့ပိုးတဲ့အတွက် ကျေးဇူးတင်ပါတယ်။ ဒီလို ကိုယ့်ထက် ဘ၀အခြေအနေ ဆိုးရွားနေ တဲ့သူတွေကို ကူညီခြင်းဟာ သားတို့ကိုလည်း တနည်းတလမ်း စိတ်သက်သာမှုပေးမှာပါ။
အမေတို့ ဒီမိုကရေစီရေး အောင်မြင်ဖို့အတွက် ကူညီနိုင်တဲ့နေရာမှာ ကူညီပြီး တခြား လုပ်ပေးနိုင်တာ မရှိရင် တောင်မှ မေတ္တာတော့ ပို့ပေးစေချင်ပါတယ်။

ရှမ်းပြည်တောင်ပိုင်း၊ တောင်ကြီးမြို့က သိမ့်နိုင်ယွန်းကတော့ အစိုးရမဟုတ်တဲ့အဖွဲ့အစည်း၊ အရပ်ဘက် လူမှု အဖွဲ့အစည်းတွေအကြောင်း မေးထားပါတယ်။

မေး။    ။ အန်တီစု၊ သမီးက အခုကျောင်းတက်နေတုန်းပါ။ NGO, CSO စတဲ့ အဖွဲ့အစည်းတွေကို စိတ်ဝင် စားလို့ ကျောင်းပြီးရင် ဒီအလုပ်တွေလုပ်ဖို့ စဉ်းစားထားပါတယ်။ သမီးသိချင်တာက အစိုးရမဟုတ်တဲ့ လူမှု ရေးလုပ်ငန်းတွေမှာ အလှူရှင်တွေရဲ့ပိုက်ဆံကို အသုံးပြုတာ ဘယ်လိုဆိုးကျိုးတွေ ရှိနိုင်ပါသလဲ။ အထူးသဖြင့် နိုင်ငံခြားသားအလှူရှင်တွေရဲ့ အလှူငွေကိုလက်ခံရင် နိုင်ငံရေးအရ ဘယ်လိုသက်ရောက်မှုတွေ ရှိပါသလဲရှင်။
ကျေးဇူးတင်ပါတယ်။

ဖြေ။    ။ အစိုးရမဟုတ်တဲ့အဖွဲ့အစည်း NGO ဆိုတာက အမျိုးမျိုးရှိပါတယ်။ အစိုးရနဲ့ဆက်နွယ်နေတဲ့ NGO တွေလည်းရှိပါတယ်။ အစိုးရနဲ့မဆက်နွယ်တဲ့ နိုင်ငံခြား NGO တွေလည်းရှိပါတယ်။ ပြည်တွင်း NGO တွေ လည်းရှိပါတယ်။ NGO တွေရဲ့အခြေအနေ တခုနဲ့တခု မတူပါဘူး။ နိုင်ငံခြားကထောက်ပံ့မှု တရားဝင် လက်ခံ ပိုင်ခွင့်ရှိတဲ့ အဖွဲ့တွေနဲ့ လက်ခံပိုင်ခွင့်မရှိတဲ့ အဖွဲ့တွေဆိုပြီး မတူတဲ့အခြေအနေတွေလည်းရှိပါတယ်။ ဒီတော့ သမီးမေးတဲ့မေးခွန်းကို တိတိကျကျဖြေဖို့ဆိုတာ မဖြစ်ပါဘူး။ ဘယ် NGO ကို ညွှန်းသလဲဆိုတာ သိနိုင်မှပဲ ဖြေနိုင်မှာပါ။
မစ္စတာဇော်မျိုးထွန်းဆိုတဲ့ သောတရှင်ကတာ့ အင်္ဂလိပ်လို မေးခွန်း မေးထားပါတယ်။ အတတ်နိုင်ဆုံး နီးစပ် အောင် ဘာသာပြန် ဖော်ပြလိုက်ပါတယ်။

မေး။    ။ ဖွံ့ဖြိုးပြီးနိုင်ငံတွေရဲ့ သွင်ပြင်လက္ခဏာတွေက ဘာတွေဆိုတာ သိပါရစေ၊ ပြီးတော့ မြန်မာနိုင်ငံ အဲဒီ ပန်းတိုင်ကိုရောက်အောင် ဘယ်လို တည်ဆောက်ပါမလဲ၊ မြန်မာဘာသာနဲ့ အသံလွှင့်တဲ့ ရေဒီယိုတွေကို နားထောင်ပါတယ်။ NLD ရေဒီယိုဌာနတခု ထူထောင်ဖို့ တိုက်တွန်းပါတယ်။

ဖြေ။    ။ ဖွံ့ဖြိုးတဲ့နိုင်ငံတခုရဲ့ အင်္ဂါရပ်တွေဆိုတာ အင်မတန်မှ များပြားပါတယ်။ အတိုချုံးပြီး ပြောရမယ်ဆိုရင် နိုင်ငံသူနိုင်ငံသားတွေအတွက် အဓိကကျတဲ့ နေရေးထိုင်ရေးကိစ္စတွေ အဆင့်မြင့်တာကို ဆိုလိုတာပါ။ ဥပမာ အားဖြင့် ကျန်းမာရေး၊ ပညာရေး၊ စီးပွားရေး၊ လမ်းပန်းဆက်သွယ်ရေး၊ ခေတ်မီတဲ့ ဆက်သွယ်ရေး လမ်းကြောင်းတွေ အဆင့်မြင့်ရပါလိမ့်မယ်။
ဒီ့အပြင် အရေးအကြီးဆုံးကိစ္စတခုကတော့ တရားဥပဒေစိုးမိုးရေးနဲ့ ပြည်သူ့အခွင့်အရေးတွေကို အာမခံနိုင်ရ မယ်လို့ အန်တီယူဆပါတယ်။ တကယ်တော့ တခြားကဏ္ဍတွေမှာ တိုးတက်ပြီး လူ့အခွင့်အရေးဘက်မှာ နိမ့်ကျနေသေးတဲ့ နိုင်ငံတွေလည်းရှိပါတယ်။
NLD ကိုယ်ပိုင်အသံလွှင့်ဌာနရအောင် လုပ်နိုင်မယ်ဆိုရင်တော့ သိပ်ကောင်းမှာပေါ့။ ဒီလိုမလုပ်နိုင်သေးပေမဲ့ NLD ၀က်ဘ်ဆိုက်တ်တခုတော့ ရှိပါတယ်။ အခြေအနေပေးလို့ရှိရင် ၀င်ကြည့်စေချင်ပါတယ်။
နိုင်ငံရေးပါတီနဲ့ ခေါင်းဆောင်ပိုင်းအခန်းကဏ္ဍကို ယှဉ်ထိုး မေးထားသူကတော့ မျိုးစောင့် ဆိုတဲ့ သောတရှင် ဖြစ်ပါတယ်။

မေး။    ။ အန်တီစုခင်ဗျား၊ ကျွန်တော်တို့ပြည်သူတွေ ပုံအောပေးလိုက်တဲ့ တစ်ပွဲထိုးမဲတွေကြောင့် အနိုင်သွား တဲ့ ပါတီတစ်ခုမှာ အာဏာရတော့မယ်ဟေ့ဆိုပြီး ပါတီခေါင်းဆောင်အနားကပ်ကာ ဒီမိုကရေစီကျကျ မဟုတ် ဘဲ ပါတီကို လက်သိပ်ထိုး အုပ်စိုးသွားလိုသူတို့ အရေးတစ်ခု ကြားနေရပါသည်။ ခေါင်းဆောင်ဆိုသူကလည်း နိုင်ငံရေးအတွေ့အကြုံမရှိလျှင်၊ အမြင်ကျယ်ကျယ် မကြည့်တတ်သူဆိုရင်တော့ ပါတီတွင်းညီညွတ်မှုကို လုပ်ပေးနိုင်မှာမဟုတ်သလို ကြားရပါသည်။
နိုင်ငံရေးအသိပြည့်ဝမှု၊ အနစ်နာခံမှုတွေနဲ့သာ နိုင်ငံရေးအလိမ်မခံရဘဲ တိုင်းပြည်ကို တည်ဆောက်သွားနိုင် မှာလို့မြင်ပါသည်။ ကိုယ့်အကျိုးစီးပွားရှေးရှုကာ ကိုယ့်အသိုင်းအ၀ိုင်းပါတီဖြစ်အောင် အုပ်စုဖွဲ့ လုပ်ကြမည် ဆိုရင်တော့ ပြည်သူထောက်ခံမှုကို ဆက်လက်မျှော်လင့်နိုင်မှာမဟုတ်လို့ထင်မြင်ပါသည်။ နိုင်ငံရေးပါတီတစ်ခု အမျိုးသားရေးအတွက် ရပ်တည်သွားနိုင်ဖို့ ခေါင်းဆေင်ပိုင်းက ဘယ်လိုဖြစ်သင့်တယ်၊ ပြုသင့်တယ်ဆိုတာကို အန်တီ့အနေနဲ့ ယေဘုယျသဘော ရှင်းပြပေးစေလိုပါသည်ခင်ဗျား။

ဖြေ။    ။ နိုင်ငံရေးပါတီတခု အမျိုးသားရေးအတွက် ရပ်တည်နိုင်ဖို့ဆိုတာ အဓိကအားဖြင့် ပြည်သူရဲ့ ယုံကြည် ထောက်ခံမှုပေါ်မှာ တည်ပါတယ်။ ဒါ့ကြောင့်မို့ ပါတီရဲ့ခေါင်းဆောင်ပိုင်းတင်မက ပါတီဝင်အများစုဟာ ပြည်သူ နဲ့ဆက်ဆံတဲ့နေရာမှာ ပွင့်လင်းဖြောင့်မတ်ဖို့လိုပါတယ်။ အခွင့်အရေးလိုချင်လို့ ပါတီထောင် နိုင်ငံရေးလုပ်တဲ့ ပုဂ္ဂိုလ်တွေကို တချိန်မဟုတ်တချိန်မှာ ပြည်သူက အရှိအရှိအတိုင်းမြင်ပြီး စွန့်ခွာသွားမှာပါ။
အများသိကြတဲ့ အဆိုတခုရှိတယ်လေ။ “လူအချို့ကို အမြဲတစေ လှည့်ဖျားနိုင်ကောင်း လှည့်ဖျားနိုင်မယ်၊ လူ အားလုံးကို တခန လှည့်ဖျားနိုင်ကောင်း လှည့်ဖျားနိုင်မယ်၊ ဒါပေမဲ့ လူအားလုံးကိုတော့ အမြဲတစေ လှည့်ဖျား လို့ မရပါဘူး။”
အမေက အဲလိုပဲခေါ်လို့ပါဆိုပြီး အထက်အညာက မိဝင်းဝါဆိုတဲ့ နာမည်နဲ့ သောတရှင်က ဒေါ်အောင်ဆန်း စုကြည်အပေါ် ဝေဖန်တာတွေနဲ့ပတ်သက်ပြီး သဘောထားကို မေးထားပါတယ်။
မေး။    ။ ကျမ ဒေါ်ဒေါ်စုကို မေးချင်နေတာကြာပါပြီ။ မမေးရဲလို့ပါ။ အခုတော့ သူငယ်ချင်းတွေကလည်း ပြောတာနဲ့ အရဲစွန့်ပြီးတော့ မေးလိုက်ပါပြီ။ ဒေါ်ဒေါ်စုကို ဝေဖန်ကြတာတွေ ကျမ ကြားဖူး ဖတ်ဖူးပါတယ်။ ဒေါ်ဒေါ်စုက ခေါင်းမာတယ်လို့ ပြောကြတာလည်း ကြားဖူးတယ်၊ စသဖြင့်ပေါ့လေ ... ကျမသိချင်တာက ဒေါ်ဒေါ်စုအပေါ် ဝေဖန်ကြတာတွေကို သိပါသလား၊ သိတယ်ဆိုရင် အဲဒီလို ဝေဖန်တာတွေအပေါ် ဘယ်လို သဘောထားပါသလဲရှင့်၊ အဲဒီလို ဝေဖန်တာတွေကြောင့် စိတ်ဆိုးတာတို့ စိတ်တိုတာတို့ ဖြစ်ဖူးလားလည်း သိချင်ပါတယ်ရှင်။

ဖြေ။    ။ နှစ်နဲ့ချီပြီး သတင်းစာတွေထဲမှာ ဆောင်းပါးပေါင်း မြောက်များစွာနဲ့ ဝေဖန်တိုက်ခိုက်တာ ခံခဲ့ရတာ ကို မသိဘဲတော့ ဘယ်ရှိပါ့မလဲ။ ဝေဖန်တယ်ဆိုတာ ဝေဖန်တာတွေက အခြေခံ အကြောင်းရင်းရှိရင် ကိုယ့်ကိုယ်ကို ပြုပြင်ဖို့ ဆင်ခြင်ပြီး ကြိုးစားရမှာဖြစ်ပါတယ်။ အခြေမဲ့ တိုက်ခိုက်တာဆိုလို့ရှိရင် ခေါင်းထဲထား စရာ မလိုပါဘူး။
တကယ်တော့ ဝေဖန်မှုဆိုတာ ဝေဖန်ခံရသူထက် ဝေဖန်သူရဲ့ စိတ်နေသဘောထားကို ပိုပြီးတော့ ထင်ရှားစေ တယ်လို့ ထင်ပါတယ်။


ခေတ္တ မလေးရှားရောက် သောတရှင် မျိုးဝင်းကတော့ သတင်းလွတ်လပ်ခွင့်အပေါ် ဒေါ်စုရဲ့ အမြင်ကို မေးထား ပါတယ်။

မေး။    ။ အမေ ဒေါ်စုခင်ဗျာ၊ အစိုးရအသစ်တက်လာပြီး တလကျော်အတွင်း သစ္စာဂျာနယ် တစောင် နှစ်ပတ် ပိတ်ခံရတယ်လို့ သိရပါတယ်၊၊ နောက်ဆက်တွဲဖြစ်လာမယ့် သတင်းလွတ်လပ်ခွင့်နဲ့ပတ်သက်ပြီး  အမေစုရဲ့ အမြင်ကို သိချင်လို့ပါခင်ဗျား၊၊

ဖြေ။    ။ သတင်းလွတ်လပ်ခွင့်နဲ့ပတ်သက်လို့ သတင်းဂျာနယ်လောကက ပုဂ္ဂိုလ်တွေက အသိဆုံးဖြစ်မှာပါ။ အမေတို့ကြားရသလောက် ပြောရမယ်ဆိုရင် တချို့ကိစ္စတွေမှာ ပိုပြီးရေးခွင့်ပေးသလိုရှိပေမဲ့ တင်းကျပ်တဲ့အခါ တင်းကျပ်တာတွေလည်း အရင်အတိုင်းပဲ ရှိနေတဲ့ပုံပါပဲ။
အမေ တခု သတိထားမိတာကတော့ သတင်းစာတွေထဲမှာ စာလုံးမည်းကြီးတွေနဲ့ ကြွေးကျော်ချက်တွေက ပါစမြဲဖြစ်နေပါတယ်။ ဒီ့အပြင် ဂျာနယ်တွေနဲ့ မဂ္ဂဇင်းတွေထဲမှာလည်း တို့တာဝန် အရေးသုံးပါး စတာတွေက လည်း ထည့်နေရဆဲဆိုတော့ သတင်းလောကရဲ့ လွတ်လပ်မှု အခြေအနေက အားရလောက်အောင်တော့ မရှိသေးဘူးထင်ပါတယ်။


နောက်ဆုံးမေးခွန်းကတော့ သမ္မတရဲ့ လွတ်ငြိမ်းချမ်းသာခွင့်အပေါ် ဒေါ်အောင်ဆန်းစုကြည်ရဲ့ သဘောထားကို သောတရှင် AMT က မေးထားတာဖြစ်ပါတယ်။

မေး။    ။ ဦးသိန်းစိန်ရဲ့ “လွတ်ငြိမ်းချမ်းသာခွင့်” အပေါ် လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ရဲ့ သဘော ထားကို ခုထိ မသိရသေးပါဘူး။ ပြည်သူတွေက ကြားချင်နေကြပါတယ်။

ဖြေ။    ။ သမ္မတဦးသိန်းစိန်ရဲ့ ကြေညာချက်ကို လွတ်ငြိမ်းချမ်းသာခွင့်အစား ပြစ်ဒဏ်လျှော့ပေါ့ခြင်းလို့ ပြောရင် ပိုပြီးတော့ တိကျမယ်ထင်ပါတယ်။ နှစ် ၆၀ ကျော်၊ နှစ် ၁၀၀ ကျော် ထောင်ဒဏ် ကျနေတဲ့သူတွေကို တနှစ်လျှော့ပေးလိုက်လို့ လွတ်လပ်ခြင်း၊ ချမ်းသာခြင်းရနိုင်မယ်လို့ ဘယ်လိုမှ မစဉ်းစားနိုင်ပါဘူး။ သေဒဏ် ကျသူတွေအတွက် တသက်တကျွန်း ပြောင်းလိုက်တာကတော့ အကျူံးဝင်တဲ့သူများအတွက် စိတ်အေးသွား စရာတော့ ဖြစ်နိုင်ပါတယ်။

ကျမတို့နိုင်ငံရေးအရ ကြည့်မယ်ဆိုရင် ဒီကြေညာချက်က နိုင်ငံရေးအကျဉ်းသားတွေကို အကျိုးပြုတာ အင်မတန်နည်းပါတယ်။ လျှော့ရက်နဲ့ လွတ်သွားတဲ့လူ အများစုဟာ ရာဇ၀တ်မှုတွေနဲ့ အကျဉ်းကျနေသူတွေပဲ ဖြစ်ပါတယ်။

မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နဲ့ ဗွီအိုအေသောတရှင်တွေရဲ့ အမေးအဖြေ အစီအစဉ်ကို သီတင်းပတ်စဉ် ဗုဒ္ဓဟူးနေ့မနက်ဘက် တိုက်ရိုက်လေလှိုင်း အစီအစဉ်နဲ့အတူ ထုတ်လွှင့်ပေးနေ ပြီး စနေညဘက် အစီအစဉ်မှာ ပြန်လည်နားဆင်နိုင်ပါတယ်။


ဗွီအိုအေသောတရှင်တွေနဲ့ မြန်မာလူထုအနေနဲ့ မြန်မာ့နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေး စတာတွေနဲ့ ပတ်သက်ပြီး ဒေါ်အောင်ဆန်းစုကြည်ကို မေးမြန်းချင်တာတွေရှိရင် ဗွီအိုအေအီးမေးလိပ်စာ burmese@voanews.com ဆီ စာနဲ့ပဲဖြစ်ဖြစ်၊ အသံဖိုင်နဲ့ပဲဖြစ်ဖြစ် ကြိုတင်ပေးပို့ထားလို့ ရပါတယ်။
( VOA NEWS )

No comments:

Post a Comment