Saturday 4 December 2010

...အာဆီယံသုံးနိုင်ငံ တရုတ်သူလျှိုဟု လီကွမ်ယူ စွပ်စွဲကြောင်း ဝီကီလိခ်တွင်ပါ ...

မြန်မာအပါအဝင် အာဆီယံ အဖွဲ့ဝင် ၃ နိုင်ငံက တရုတ် အစိုးရအတွက် သူလျှို လုပ်နေနိုင်ကြာင်း စင်္ကာပူ ဝါရင့်ခေါင်းဆောင် လီကွမ်ယူ၏ စွပ်စွဲချက်ကို အမေရိကန် အစိုးရ ကန့်သတ်ဖိုင်များကို ဖောက်ချနေသည့် ဝီကီလိခ်တွင် ဖော်ပြထားသည်။......................


မြန်မာ၊ လာအို၊ ကမ္ဘောဒီးယားတို့သည် တရုတ်နှင့် နီးစပ်သော နိုင်ငံများဖြစ်၍ “အာဆီယံ အစည်းအဝေးတိုင်းမှာ ဘာတွေ ဆွေးနွေးတယ် ဆိုတာကို ဘီဂျင်းက နာရီပိုင်းအတွင်းမှာကို သိနေပြီ” ဟု လီကွမ်ယူက အမေရိကန် လက်ထောက် နိုင်ငံခြားရေးဝန်ကြီး ဂျိမ်းစ်ဘီ စတိန်းဘတ်ကို မေ ၃ဝ ၊ ၂ဝဝ၉  က ပြောကြားခဲ့သည်။


minister
စင်္ကာပူဝါရင့်ခေါင်းဆောင် လီကွမ်ယူ  (photo :: AFP)
နိုင်ငံတကာ လုံခြုံရေးဆိုင်ရာ အစည်းဝေး Shangri-La Dialogue ၌  အလွတ်သဘော တွေ့ဆုံကြရာတွင် လီကွမ်ယူ ပြောကြားချက်မှာ    စင်္ကာပူရှိ အမေရိကန်သံရုံးအရာရှိ ဒန်နီယယ် အယ်လ်ရှီးက အမေရိကန် နိုင်ငံခြားရေးဝန်ကြီး ဟီလာရီကလင်တန်ထံ မနှစ် ဇွန်လက အစီရင်ခံခဲ့သော တရုတ်၏ မြောက်ကိုရီးယားအပေါ် အမြင်များ လျှို့ဝှက်မှတ်တမ်းဖိုင်တွင် ပါဝင်ခဲ့သည်။

အမေရိကန်နိုင်ငံ ခေါင်းဆောင်များ၊ အမေရိကန် သံတမန်များနှင့် နိုင်ငံတကာ ခေါင်းဆောင်များအကြား ပြောကြားခဲ့သော စကားများ မှတ်တမ်းတင်ထားသည့် လျှို့ဝှက်ဖိုင်တွဲများကို နိုဝင်ဘာ နောက်ဆုံးပတ်မှစ၍ ဝီကီလိခ် အင်တာနက် စာမျက်နှာတွင် ဖွင့်ချနေခဲ့သည်။


ဝီကီလိခ်ကို သြစတြေးလျ နိုင်ငံသား အသက် ၃၉ နှစ်အရွယ် ဂျူလီယံ အာဆန်း ထူထောင်ထားသည်။

ထို့ပြင် စီးပွားရေး ပိုမိုဖွံ့ဖြိုးရန် အာဖရိကနှင့် အရှေ့အလယ်ပိုင်းမှ စွမ်းအင်နှင့် ကုန်ကြမ်းများ တင်သွင်းရာတွင် မလက္ကာ ရေလက်ကြားအပေါ် မှီခိုနေရသည်ကို လျှော့ချလိုသော တရုတ်အစိုးရက ရခိုင်ပြည်နယ်မှတဆင့် လမ်းကြောင်းပြောင်း တင်သွင်းရန် စီစဉ်နေပြီ ဖြစ်ကြောင်းလည်း လီကွမ်ယုက သုံးသပ်ပြောဆိုထားသည်။

အာဖရိကနှင့် အရှေ့အလယ်ပိုင်းမှ လာမည့် ရေနံ၊ ရခိုင်ကမ်းလွန်မှ သဘာဝဓာတ်ငွေ့တို့ကို ကျောက်ဖြူဆိပ်ကမ်းမှတဆင့် မြန်မာနိုင်ငံ ဖြတ်ပြီး တရုတ်နိုင်ငံ အနောက်တောင်ပိုင်း ယူနန် ပြည်နယ်သို့ ပိုက်လိုင်း သွယ်တန်းခြင်းကို ဆိုလိုသည်။

ဂျူလီယံ အာဆန်းအား ကလေးသူငယ်များကို လိင်မှုဆိုင်ရာ မတော်မရော်ပြုကျင့်မှု ၂ မှု၊ ဆွီဒင်တွင် မှောင်ခို လုပ်မှုတို့ဖြင့် ဆွီဒင်အစိုးရက ဖမ်းဝရမ်း ထုတ်ထားသည်။ အာဆန်းက စွဲဆိုချက်များကို ငြင်းဆန်ပြီး အယူခံ တင်သော်လည်း ဆွီဒင် တရားရုံးချုပ်က ပယ်ချခဲ့သည်။


( MIZZIMA NEWS )

No comments:

Post a Comment