Friday 12 November 2010

...ထားဝယ်ဆိပ်ကမ်းဆောက်လုပ်ရေး ထိုင်းနှင့် စာချုပ်ချုပ်...

ချင်းမိုင် (မဇ္ဈိမ) ။       ။ ထိုင်းနိုင်ငံတွင် အကြီးဆုံးမြို့ပြဆောက်လုပ်ရေး ကုမ္ပဏီဖြစ်သော Italian-Thai Development က တနင်္သာရီတိုင်း ထားဝယ်တွင် အမေရိကန်ဒေါ်လာ ၈ ဘီလျံတန် အကြီးစားစီမံကိန်းတခု တည်ဆောက်ရန် လက်မှတ်ထိုးခဲ့သည်ဟု ဘန်ကောက်ပို့စ် သတင်းစာတွင်ရေးသားသည်။
DAWEI-DEVELOPMENT-PROJECT
တနင်္သာရီတိုင်း ထားဝယ်တွင် တည်ဆောက်မည့် ရေနက်ဆိပ်ကမ်းနှင့် စီးပွားရေးလုပ်ငန်းများ သရုပ်ဖော်ပုံ။ စီမံကိန်း တွင် သင်္ဘောတည်ဆောက်ရေးနှင့် ပြုပြင်ထိန်းသိမ်းရေးလုပ်ငန်းများ၊ ရေနံဓာတုစက်ရုံ၊ ရေနံချက်စက်ရုံ၊ ဓာတ်ငွေ့သန့်စင်စက်ရုံ တို့ပါဝင်မည်ဖြစ် သည်။ စီမံကိန်း၏ ရည်ရွယ်ချက်မှာ အဓိကမြန်မာ့ဓာတ်ငွေ့ဖောက်သည် ထိုင်းနိုင်ငံနှင့် မြန်မာနိုင်ငံတောင်ပိုင်းကို ဆက်သွယ်ပေးရန်၊ တရုတ်နိုင်ငံနှင့် မြန်မာနိုင်ငံတောင်ပိုင်းကို ဆက်သွယ်ပေးရန်ဖြစ်သည်။ (ဓာတ်ပုံ--ထားဝယ်ဖွံ့ဖြိုးရေးစီမံကိန်းလက်ကမ်းစာစောင်)
မြန်မာ့တောင်ဘက်စွန်း ကမ်းရိုးတန်းတွင် တည်ဆောက်မည့် ထားဝယ်ဖွံ့ဖြိုးရေး စီမံကိန်းတွင်...


ရေနက်ဆိပ်ကမ်း၊ သင်္ဘောတည်ဆောက်ရေးလုပ်ငန်းများ၊ သင်္ဘော ပြုပြင်ထိန်းသိမ်းရေး လုပ်ငန်းများနှင့်စက်ပစ္စည်းများ၊ ရေနံချက်စက်ရုံ နှင့် ဓာတ်ငွေ့သန့်စင်စက်ရုံအပါအဝင် ရေနံဓာတုလုပ်ငန်းများ၊ မော်တော်ကားနှင့် အထည်ချုပ်စက်ရုံကဲ့သို့ အလတ်စားနှင့် အသေးစား စက်မှုလုပ်ငန်းများပါဝင်မည်ဟု သတင်းတွင် ပါရှိသည်။

ထားဝယ်စီမံကိန်းလုပ်ကိုင်ရန် ထိုင်းမြန်မာ ဖွံ့ဖြိုးရေးကုမ္ပဏီကို အီတလီ-ထိုင်းဖက်စပ်လုပ်ငန်းကြီးပိုင်အဖြစ် ဖွဲ့စည်း တည်ထောင်လိုက်သည်ဟုလည်း သတင်းတွင် ဆက်လက်ရေးထားသည်။

အီတာလျံ-ထိုင်းကုမ္ပဏီ ဥက္ကဋ္ဌ Premchai Karnasuta နှင့် မြန်မာ့ဆိပ်ကမ်း အာဏာပိုင်အဖွဲ့ ဦးဆောင် ညွှန်ကြားရေးမှူး ဦးသိန်းဌေးတို့ အရင်အပတ် အင်္ဂါနေ့က နေပြည်တော်တွင် စာချုပ်လက်မှတ်ထိုးခဲ့ကြသည်ဟု မြန်မာ့အလင်းသတင်းစာက ဆိုသည်။

ဆောက်လုပ်ရေးလုပ်ငန်းများ ရှေ့နှစ်စမည်ဖြစ်ပြီး ၁ဝ နှစ်ခန့်ကြာမည် ခန့်မှန်းထားသည်။ ယခုစာချုပ် လက်မှတ်ထိုးခြင်းဖြင့် မြန်မာပြည်တွင် အကြီးဆုံး နိုင်ငံခြား ရင်းနှီးမြှုပ်နှံသည့် စီမံကိန်းတခု ဖြစ်လာတော့မည်။ မြန်မာပြည်၏ ပထမဆုံးသော အထူးစီးပွားရေးဇုံ (SEZ) ကိုထားဝယ်မြို့အနီး ဧက တသိန်း (ဟက်တာ ၄ သောင်း) ကျယ်ဝန်းသော မြေကွက်ပေါ်တွင် တည်ဆောက်မည်ဟု မြန်မာ့အလင်းက ဆက်ရေးသည်။

ဗိုလ်ချုပ်မှူးကြီးသန်းရွှေ ယခုနှစ်စက်တင်ဘာက တရုတ်နိုင်ငံ ရှင်းကျင့် အထူးစီးပွားရေးဇုံကို သွားလေ့လာခဲ့ပြီးနောက် မြန်မာနိုင်ငံ စီးပွားရေး ပြုပြင်ပြောင်းလဲရေးနှင့် ချဲ့ထွင်ရေးလုပ်ငန်းများ လျင်မြန်စေရေးအတွက် မြောက်ဘက်အိမ်နီးချင်း တရုတ်နိုင်ငံ အတွေ့အကြုံများကို သင်ယူနိုင်သည် ပြောခဲ့သည်။

မြန်မာ့စီးပွားရေး ကျွမ်းကျင်သူ သြစတြေးလျနိုင်ငံ မက်ကွိုင်းယားတက္ကသိုလ် ပါမောက္ခ ရှောင်တားနဲလ်ကမူ မြန်မာတို့ အထူးစီးပွားရေးဇုံများအကြောင်း သိနားလည်မှုမှာ အပေါ်ယံသာဟု မဇ္ဈိမ ကိုပြောသည်။

`ကျနော်ထင်တယ်၊ သူတို့နားလည်မှုလွဲနေတာ။ မှန်တယ်၊ တရုတ်က အထူး စီးပွားရေးဇုံတွေတည်ဆောက်ပြီး စီးပွားရေးအရ အတော်အောင်မြင်လာတာ။ ဒါပေမဲ့ ဒီလိုအောင်မြင်လာတာ စီးပွားရေးဇုံတွေ တည်ဆောက်လိုက်လို့ မဟုတ်ဘူး၊ အဲဒီဇုံတွေမှာ လွတ်လပ်ခွင့်ရှိတာ၊ နိုင်ငံတော်က ဝင်မစွက်ဖက်တာ၊ ပစ္စည်းဥစ္စာပိုင်ဆိုင်ခွင့် အခွင့်အရေးရှိတာတွေကြောင့်ဖြစ်တယ်´ ဟု သူကရှင်းပြသည်။ `မြန်မာနိုင်ငံကျတော့ ဒီလိုလွတ်လပ်ခွင့်မျိုးပေးမှာ မဟုတ်ဘူး။ နိုင်ငံတော်က အမြဲဝင်စွက်ဖက်နေမှာ´။

DAWEI-DEVELOPMENT-PROJECT2
ထိုင်းနိုင်ငံအနောက်ပိုင်းကန်ချနဘူရီနှင့် ထားဝယ်မြို့တို့ကိုဆက်သွယ်ပေး မည့် နယ်ခြားဖြတ်ရထားလမ်းပုံ။ (ဓာတ်ပုံ-ထားဝယ်ဖွံ့ဖြိုးရေးစီမံကိန်းစာစောင်)
ထားဝယ်ရေနက်ဆိပ်ကမ်းတည်ဆောက်ရေးနှင့် စက်မှုဇုံတည်ဆောက်ရေး တွင် အဆင့် ၃ ဆင့် ပါဝင်မည် ဖြစ်သည်။ ပထမအဆင့်တွင် ထားဝယ်မှ ကျန် အရှေ့တောင်အာရှနိုင်ငံများသို့ ဆက်သွယ်မည့် ၈ လမ်းသွား လမ်းမကြီး နှင့် ထိုင်းနိုင်ငံ ကန်ချနဘူရီပြည်နယ်ကို ဆက်သွယ်ပေးမည့် ရထားလမ်း ဖောက်လုပ်ရေးတို့ ပါဝင်သည်။ ဗီယက်နမ် နိုင်ငံ ဟိုချီမင်းမြို့မှ မြန်မာနိုင်ငံအထိရောက်မည့် တိုးချဲ့မဲခေါင်ဒေသ စီမံကိန်း (Greater Mekong Subregion) တောင်ဘက်စီးပွားရေးစင်္ကြံ လမ်းမကြီး၏ တစိတ်တပိုင်း ဖြစ်လာပေတော့မည်။

တရုတ်နိုင်ငံယူနန်ပြည်နယ် ကူမင်းမြို့မှ ထားဝယ်အရောက် မန္တလေး၊ ပဲခူးကိုဖြတ်ကာ မြောက်မှတောင်သို့ ဖောက်မည့် ရထားလမ်း ယခုစီမံ ကိန်းဆွဲသည့် အဆင့်ရောက်နေပြီ ဖြစ်သည်။

နိုင်ငံဖြတ်ကျော်ဖောက်လုပ်မည့် စင်္ကြံလမ်းမကြီးများကြောင့် အာဆီယံနိုင်ငံများအကြား ပေါင်းစည်းမှုကို ဖြစ်ပေါ်စေပြီး လတ်တလော ကျင်းပခဲ့သော ထိပ်သီး အစည်းအဝေးများအတွင်း `ဆက်သွယ်ချိတ်ဆက်ရေး´ အကြောင်းက အဓိကလွှမ်းမိုးနေခဲ့သည်။

ဒုတိယနှင့် တတိယအဆင့်များတွင် ရေနက်ဆိပ်ကမ်း
southeast-asia
ဤစီမံကိန်းကြောင့် ဒေသတွင်းပေါင်းစည်းမိရေး နယ်ခြားဖြတ်ကျော် စင်္ကြံလမ်းတခုဖြစ်လာမည်ဟု မျှော်မှန်းထားသည်။ ဆိပ်ကမ်းနှင့် အခြား သယ်ယူပို့ဆောင်ရေးလမ်းကြောင်းများကြောင့် ထိုင်း၊ တရုတ်၊ ဗီယက်နမ်နှင့် လာအို ပို့မည့် ကုန်စည်များ မလက္ကာရေလက်ကြားဖြတ်ရန်မလိုတော့ဘဲ ခရီးတိုသွားမည်ဖြစ်သည်။ (ဓာတ်ပုံ-ထားဝယ်ဖွံ့ဖြိုး ရေးစီမံကိန်းစာစောင်)
တည်ဆောက်ရေးနှင့် စက်မှုလုပ်ငန်းများ ထူထောင်ရေးတို့ ပါဝင်မည် ဖြစ်သည်။ ဤသို့ဆိပ်ကမ်းအ ဆင့်မြှင့်တင်မှုလုပ်ငန်းများပြီးလျှင် ထိုင်း၊ တရုတ်၊ ဗီယက်နမ် နှင့် လာအိုသို့ ကုန်စည်တင်ပို့ရာတွင်  မလက္ကာရေလက်ကြားဖြတ်ရန် မလိုတော့၍ ပျမ်းမျှ ၁ဝ ရက်ခန့် အချိန်သက်သာသွားမည်ဖြစ်သည်။

မြန်မာပြည်ရှိ အခြားဖွံ့ဖြိုးရေးစီမံကိန်းများကဲ့သို့ ယခုစီမံကိန်းတွင်လည်း ဒေသခံများ မြေသိမ်းခံရခြင်းကဲ့သို့ နစ်နာမှုများ ကြုံတွေ့ကြရမည်။

မြန်မာနိုင်ငံတွင် ရွေးကောက်ပွဲအပြီး မြေယာပြုပြင်ပြောင်းလဲရေးမူဝါဒများ ချ မှတ်ရေးသည် လူမှုကူညီရေး အဖွဲ့အစည်းများ၏ ဦးစားပေး လုပ်ငန်းဖြစ်သည်ဟု ရွှေဂက်စ် ပိုက်လိုင်းစီမံကိန်းကို ဦးတည်သည့် ရွှေဂက်စ်လှုပ်ရှားမှု ဆက်သွယ်ညှိနှိုင်းရေးမှူး ကိုဝင်းအောင်က ပြောသည်။

`ကျနော်တို့ဒီကိစ္စကိုအလွန်စိုးရိမ်ပါတယ်။ ပြည်တွင်းက အန်ဂျီအိုတွေ၊ လူထု အခြေပြုအဖွဲ့အစည်းတွေက နိုင်ငံတကာစံချိန်စံညွှန်းတွေအတိုင်း မြေယာပြု ပြင်ပြောင်းလဲရေးကို ဖိလုပ်ဖို့ ကြိုးစားနေကြတယ်။ မြန်မာအစိုးရ အနေနဲ့ အားလုံးပြောင်းဘို့လိုတယ်။ မူဝါဒတင်မကဘူး။ ပုဂ္ဂလိကပိုင် လုပ်ရေးနဲ့ စစ်တပ်နဲ့ ကင်းလွတ်အောင် လုပ်ရေး အစီအစဉ်တွေလဲ ပါရမယ်´ ဟု ကိုဝင်းအောင် ကပြောသည်။

စီမံကိန်းထောက်ခံသူများကမူ ဒေသခံများအလုပ်အကိုင် ရရှိလိမ့်မည်ဟု မျှော်လင့်ထားကြသည်။

တနင်္ဂနွေနေ့က ကျင်းပခဲ့သည့် ရွေးကောက်ပွဲတွင် ထားဝယ်မဲဆန္ဒနယ်၌ ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ၊ တိုင်းရင်းသား စည်းလုံးညီညွတ်ရေး ပါတီ၊ အမျိုးသား ဒီမိုကရေစီ အင်အားစုတို့ ဝင်ပြိုင်ခဲ့ကြသည်။ ရွေးကောက်ပွဲရလဒ်ကို မသိရသေးသော်လည်း ဒေသခံ ရေလုပ်သားများ၊ ဆီအုန်း ခြံလုပ်သားများ၊ လယ်သမားများ၊ စစ်သားများ နှင့် ရဲတို့ထံမှ ကြိုတင်မဲများ ကောက်ယူခဲ့သည် ဆိုကာ တိုင်းရင်းသားစည်းလုံးညီညွတ်ရေးပါတီက ကြံ့ခိုင်ရေးပါတီလုပ်ရပ်များကို တိုင်တန်းထားသည်။ ထိုသို့ ကြံ့ခိုင်ရေးက ကြိုတင်မဲ အတင်းအကြပ်ကောက်ခဲ့သည် ကို မဇ္ဈိမ က နိုဝင်ဘာလ ၄ ရက်နေ့က သတင်းဖော်ပြခဲ့ပြီးဖြစ်သည်။
( Mizzima News )

No comments:

Post a Comment