Friday 12 November 2010

...ဒေါ်အောင်ဆန်းစုကြည်ကို ကြိုဆိုရန် NLD ရုံးချုပ်တွင် ပြင်ဆင်ထား ...

suu-photo-2010-11
Aဒေါ်အောင်ဆန်းစုကြည် လွတ်မြောက်လာလျှင် ကြိုဆိုရန် ရန်ကုန် NLD ရုံးချုပ်၌ ပြင်ဆင်မှုများ ပြုလုပ်နေသည်ကို တွေ့ရစဉ် (ဓာတ်ပုံ - ဧရာဝတီ)
အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် (NLD) အဖွဲ့ဝင်များသည် ဒေါ်အောင်ဆန်းစုကြည် လွတ်မြောက်လာမှုကို ကြိုဆိုရန်အတွက် ပြင်ဆင်မှုများ ပြုလုပ်နေပြီး နိုင်ငံရေး ဦးဆောင်မှုကို ပြန်လည် ပေးနိုင်ရန်အတွက် ပါတီဌာနချုပ်ရှိ သူ၏ရုံးခန်းကို ပြင်ဆင်ထားကြောင်း သတင်းရရှိသည်။

“ဒေါ်စု ပြန်လည်လွတ်မြောက်လာတာကို ကြိုဆိုဖို့ ကျနော်တို့ လုပ်နေကြပါတယ်။ သူရုံးထိုင်ဖို့အတွက် သီးသန့်ရုံးခန်း တခုကိုလည်း ရုံးချုပ်မှာ ပြင်ဆင်ထားပါတယ်” ဟု ဒေါ်အောင်ဆန်းစုကြည်၏ လုပ်ဖော်ကိုင်ဖက်လည်းဖြစ်သူ NLD အတွင်းရေးမှူး ဦးဝင်းတင်က ပြောပါသည်။

ဒေါ်အောင်ဆန်းစုကြည်သည် နိုဝင်ဘာလ ၁၃ ရက်နေ့တွင် လွတ်ရက်စေ့မည်ဖြစ်ကြောင်း ၎င်း၏ရှေ့နေ ဦးဉာဏ်ဝင်းက ပြောသည်။

ယခုရက်အတွင်း အာဏာပိုင်များက ရန်ကုန်မြို့တွင် လုံခြုံရေးတင်းကြောင်း သိရသည်။

ဒေါ်အောင်ဆန်းစုကြည် လွတ်မြောက်လာပြီးနောက် နိုင်ငံရေးလုပ်ငန်းများကို ချက်ချင်း လုပ်ကိုင်ဆောင်ရွက်မည်လား၊ လူမှုရေးလုပ်ငန်းများကို ဦးစားပေးလုပ်ဆောင်မည်လား ဆိုသည်နှင့် ပတ်သက်၍ ဦးဝင်းတင်က “ကျနော်ယုံကြည်တာက ဒေါ်စုဟာ နိုင်ငံရေးကို အဓိကထားလုပ်လိမ့်မယ်။ ကျနော်တို့ကလည်း သူကို နိုင်ငံရေးဦးဆောင်မှုပြန်ပေးဖို့ ပြောမယ်။ ဘာဖြစ်လို့လဲဆိုတော့ တိုင်းပြည်ဟာ နိုင်ငံရေးအရ တကယ့်ကိုအရေးကြီးတဲ့အခြေအနေ ရောက်နေပါတယ်” ဟု ပြောသည်။

“ဒေါ်စုဟာ လူမှုရေးလုပ်ငန်းတွေလုပ်ဖို့ စိတ်အားရှိလှပါတယ်။ NLD ကလည်း နာဂစ်ဆိုင်ကလုန်းတိုက်ပြီးကတည်းက ဒုက္ခရောက်ကြတဲ့ ပြည်သူတွေကို ကူညီနေခဲ့တာ အခုဆိုရင် သူဟာနဲ့သူ အရှိန်ရနေပါပြီ။ ကျနော်အနေနဲ့ ပုဂ္ဂိုလ်ရေးအရ သူ့ကိုတိုက်တွန်းချင်တာက ပြည်သူတွေ တကယ်လိုအပ်နေတယ် သူရဲ့ နိုင်ငံရေးဦးဆောင်မှုကို ပြန်လည်ပေးဖို့ပဲ ဖြစ်ပါတယ်” ဟု ဦးဝင်းတင်က ဆိုသည်။

စစ်အစိုးရအပေါ် ဒေါ်အောင်ဆန်းစုကြည်၏ နိုင်ငံရေးရပ်တည်ချက် နှင့်ပတ်သက်၍ ဦးဝင်းတင်က “ဒေါ်စုက စစ်အစိုးရနဲ့ စကားပြောဖို့ အမြဲတမ်း တံခါးဖွင့်ထားတဲ့သူ တယောက်ပါ၊ အခုလည်း သူ့အနေနဲ့ ဒီတံခါးကို ဆက်လက်ဖွင့်ထားမှာပါလို့ ကျနော်ယုံကြည်တယ်” ဟု ဖြေကြားသည်။

ဦးဝင်းတင်သည် ဒေါ်အောင်ဆန်းစုကြည် ယနေ့လွတ်မြောက်လာနိုင်သည်ဟုပင် မျှော်လင့်နေသည်။ အကြောင်းမှာ စစ်ဗိုလ်ချုပ်များသည် နက္ခတ်ဗေဒင်တို့ကို ယုံကြည်ကြသူများဖြစ်ပြီး ယနေ့သည် နိုဝင်ဘာလ ၁၁ ရက် (၁၁/၁၁) ဖြစ်သောကြောင့် ဗေဒင်ကိန်းခန်းအရ လွှတ်ပေးနိုင်ကြောင်း ပြောသည်။

ရန်ကုန်မြို့ခံတဦးကမူ “စစ်အစိုးရ အုပ်ချုပ်မှုအောက်မှာ ဘယ်အရာမှ မသေချာပါဘူး။ ဒေါ်အောင်ဆန်းစုကြည်ကို လွှတ်မလားဆိုတာလည်း မသေချာပါဘူး” ဟု ဆိုသည်။

ဒေါ်အောင်ဆန်းစုကြည်သည် လွန်ခဲ့သည့် ၂၂ နှစ်တာ ကာလအတွင်း နေအိမ်တွင် ၃ ကြိမ်တိုင်တိုင် ၁၅ နှစ်ကြာမျှ အကျယ်ချုပ်ဖြင့် ချုပ်နှောင်ခံခဲ့ရသည်။
( Irrawaddy News )

No comments:

Post a Comment