Monday, 22 November 2010

...ဒေါ်အောင်ဆန်းစုကြည်ကို ဂုဏ်ထူးဆောင် ဧကရီဆု ပေးမည် ...

             နိုဝင်ဘာလ ၂၀ ရက်နေ့က ရန်ကုန်မြို့တွင် ဝါရင့် နိုင်ငံရေးသမားကြီးများအား ဂါရဝပြုပွဲသို့               ရောက်ရှိလာသော ဒေါ်အောင်ဆန်းစုကြည်ကို ဆီးကြို ပန်းစည်းပေးနေသော ကလေးငယ်တဦး။                                     (ဓာတ်ပုံ - Getty Images)
 အိန္ဒိယ လူ့အခွင့်အရေးအဖွဲ့ မာနိုဗ် အိခ်တပရီရှဒ်(ManavEktaParishad)ကဒေါ်အောင်ဆန်းစုကြည်အား
မြန်မာ့ဒီမိုကရေစီနှင့် လူ့အခွင့်အရေး ဂုဏ်ထူးဆောင် ဧကရီဘွဲ့ (Queen  of Myanmar's Democracy and Human Rights) ကို နိုဝင်ဘာ ၂၅ ရက်နေ့တွင် အခမ်းအနားဖြင့် ပေးအပ်မည်ဟု
သတင်းရရှိသည်..။
အိန္ဒိယ ပြည်သူများအနေဖြင့် .....


ဒေါ်အောင်ဆန်းစုကြည်ကိုလေးစားမြတ်နိုးကြောင်း ပြသလိုခြင်းနှင့်......
မြန်မာနိုင်ငံတွင်း ဒီမိုကရေစီ ထွန်းကားရေးနှင့် လူ့အခွင့်အရေး လှုပ်ရှားဆောင်ရွက်မှုများကို ပိုမိုသိရှိ နားလည်စေရန်ရည်ရွယ်၍ ဂုဏ်ထူးဆောင်ဘွဲ့ အပ်နှင်းခြင်းဖြစ်ကြောင်း အဖွဲ့တာဝန်ရှိသူများက ဆိုသည်။

“သူ့ရဲ့ နိုင်ငံရေးနဲ့ ဇွဲသတ္တိကို ချီးကျူးပြီးတော့ သူရဲကောင်းအဖြစ် အသိအမှတ် ပြုတဲ့အနေနဲ့ သူသာလျှင် လူ့အခွင့်အရေးနဲ့ ဒီမိုကရေစီကို မြန်မာပြည်သူတွေဆီ ရယူပေးနိုင်မယ်လို့ ကျနော်တို့ ယုံကြည်တယ်။ အိန္ဒိယနိုင်ငံလို အင်အားအကြီးဆုံး ဒီမိုကရေစီနိုင်ငံက ပြည်သူတွေရဲ့ဆန္ဒကို ဒေါ်အောင်ဆန်းစုကြည် သိစေချင်တာတွေ၊ အိန္ဒိယပြည်သူတွေက မြန်မာနိုင်ငံအကြောင်း ပိုပြီး သိစေချင်တာတွေ ပါပါတယ်” ဟု အဖွဲ့ အတွင်းရေးမှူး မစ္စတာ တီဒီ ဆင်းက ဧရာဝတီသို့ ပြောသည်။

မာနိုဗ် အိခ်တ ပရီရှဒ် အဖွဲ့သည် ၂၀၀၇ ခုနှစ်မှ စ၍ အိန္ဒိယနိုင်ငံတွင်း လူ့အခွင့်အရေး ပညာပေးလုပ်ငန်းများ၊ ဘာသာရေး၊ လူမျိုးရေးနှင့် ဇာတ်အဆင့်အတန်းများ ခွဲခြားမှု ပပျောက်ရေးကို လုပ်ဆောင်နေသော လူ့အခွင့်အရေး အဖွဲ့စည်းတခုဖြစ်သည်။

ဟာရီယားနားပြည်နယ် ဖရီဒါဘတ်ရှိ မာနိုဗ် အိခ်တ ပရီရှဒ် အဖွဲ့ရုံးချုပ်တွင် အခမ်းအနားဖြင့် ဂုဏ်ထူးဆောင်ဘွဲ့နှင့် အထိမ်းအမှတ် ကြေးသွန်းသံလျက်ကို ပေးအပ်ရန် စီစဉ်ထားပြီး ဒေါ်အောင်ဆန်းစုကြည်၏ ကိုယ်စား အိန္ဒိယအခြေစိုက် အဝေးရောက် ညွန့်ပေါင်းအစိုးရ ၀န်ကြီး ဒေါက်တာ တင့်ဆွေက လက်ခံရယူမည်ဖြစ်သည်။

အဆိုပါ ဂုဏ်ထူးဆောင်ဆုသည် မာနိုဗ် အိခ်တ ပရီရှဒ်မှ ပေးအပ်သည့် ပထမဆုံး ဘွဲ့တံဆိပ်ဖြစ်သည်။

“သန်လျက်ဆိုတာဟာ မြန်မာနိုင်ငံက မင်းမြောက်တန်ဆာတွေထဲက အဆောင်အယောင်တခုအဖြစ် ပါဝင်တဲ့အတွက် ကျနော်တို့အမြင်မှာ မြန်မာ့လူ့အခွင့်အရေးနဲ့ ဒီမိုကရေစီ တိုက်ပွဲအတွက် အမြင့်မားဆုံး စွန့်စားမှုနဲ့ စွန့်လွှတ်မှု လုပ်နေတဲ့ ဒေါ်အောင်ဆန်းစုကြည်ကို ဂုဏ်ထူးဆောင် ဧကရီဘွဲ့နဲ့အတူ ပေးရတာဖြစ်ပါတယ်” ဟု မစ္စတာ တီဒီဆင်းက ပြောသည်။

ဒေါ်အောင်ဆန်းစုကြည်သည် ဖိနှိပ်မှုများစွာ ရှိနေသည့်ကြားမှပင် နေအိမ်အကျယ်ချုပ်မှ လွတ်မြောက်လာသည်နှင့် ပါတီရပ်တည်ရေးအတွက် တရားရုံးချုပ်သို့ ဦးတိုက်လျှောက်ထားခဲ့ခြင်းသည် လူ့အခွင့်အရေး လှုပ်ရှားသူများကို စိတ်ဓာတ်ရေးရာ မြှင့်တင်ပေးလိုက်သည့် ချီးကျူးဖွယ်ရာ လုပ်ရပ်ဖြစ်ကြောင်း ၎င်းက ဆိုသည်။

“အခုလို အိန္ဒိယ အခြေပြုတဲ့ လူမှုရေး အဖွဲ့အစည်းတွေက ဒီလို ဒေါ်အောင်ဆန်းစုကြည်ကို ဂုဏ်ပြုတယ်ဆိုတာ အရေးကြီးတယ်လို့ မြင်ပါတယ်။ ဒီအတွက် ဂုဏ်ယူတယ်လို့ပဲ ပြောချင်ပါတယ်။ ဒါမှသာလျှင် အိန္ဒိယအစိုးရက ပိုပြီး နိုးကြားလာမယ်။ အိန္ဒိယ အစိုးရက ဒေါ်အောင်ဆန်းစုကြည် လွတ်မြောက်ရေးအတွက် ထားတဲ့မူတွေက ကျနော်တို့ အားမရသေးဘူး” ဟု မစ္စတာ တီဒီဆင်းက ဆိုသည်။

အိန္ဒိယအခြေစိုက် အစိုးရမဟုတ်သည့် အဖွဲ့အစည်းတခုဖြစ်သည့် နီတားဂျီး ဆူဘတ်စ် ဖောင်ဒေးရှင်း (Netaji Subhas Foundation) ကလည်း ဆူဘတ်စ် ချန်ဒြာ ဘို့စ် (Subhas Chandra Bose) ငြိမ်းချမ်းရေးဆုကို ဒေါ်အောင်ဆန်းစုကြည် နေအိမ်အကျယ်ချုပ် နေရစဉ်ကာလ ၂၀၀၇ ခုနှစ် မတ်လ ၁၉ ရက်နေ့တွင် ပေးအပ်ချီးမြှင့်ခဲ့ဖူးသည်။

ဒေါ်အောင်ဆန်းစုကြည်အား အိန္ဒိယအစိုးရက ဂျဝါလဟာနေရူးဆုကို ၁၉၉၃ ခုနှစ်တွင် ပေးအပ်ခဲ့သော်လည်း နောက်ပိုင်းတွင် စစ်အစိုးရနှင့် နှစ်နိုင်ငံ အစိုးရချင်း ပူးပေါင်းဆက်ဆံရေး တိုးမြင့်လာချိန်၌ မြန်မာ့ဒီမိုကရေစီရေးတွင် နှုတ်ဆိတ်နေမှုများကြောင့် အိန္ဒိယအစိုးရကို နိုင်ငံတကာ အသိုင်းအ၀ိုင်းက ဝေဖန်မှုများရှိလာသည်။

အမေရိကန် သမ္မတ အိုဘားမားက အိန္ဒိယခရီးစဉ်အတွင်း မြန်မာ့အရေးတွင် အိန္ဒိယ၏ နှုတ်ဆိတ်နေမှုကို ဝေဖန်ထောက်ပြခဲ့ပြီးနောက် အိန္ဒိယ နိုင်ငံခြားရေးဝန်ကြီးက ဒေါ်အောင်ဆန်းစုကြည် နေအိမ်အကျယ်ချုပ်မှ ပြန်လည်လွတ်မြောက်လာခြင်းသည် အမျိုးသားရင်ကြားစေ့ရေးအတွက် လမ်းစဖြစ်ကြောင်းနှင့် စစ်အစိုးရ၏ ရွေးကောက်ပွဲသည်လည်း ပြုပြင်ပြောင်းလဲရေး နည်းလမ်းတခုဖြစ်ကြောင်း ပြောဆိုခဲ့သည်။
( IRRAWADDY NEWS )

No comments:

Post a Comment